အင်ဒိုနီးရှားနိုင်ငံ
အစောပိုင်း ဟောပြောခြင်းနည်းလမ်းများ
ရေဒီယိုအသံလွှင့်ခြင်း
၁၉၃၃ ခုနှစ်မှာ ဂျကာတာမြို့ ရေဒီယိုအသံလွှင့်ရုံကနေ ညီအစ်ကိုရပ်သဖော့ဒ်ရဲ့ ဟောပြောချက်တွေကို ထုတ်လွှင့်တယ်။ ဒတ်ခ်ျလိုဟောတဲ့ ဟောပြောချက်တွေကိုတော့ စိတ်ဝင်စားသူတစ်ယောက်က ရေဒီယိုကနေ ဖတ်ပြတယ်။ ဒီထုတ်လွှင့်မှုကြောင့် လူတွေ ပိုစိတ်ဝင်စားလာပြီး စာပေအများကြီး ဝေငှနိုင်ခဲ့တယ်။
ညီအစ်ကိုရပ်သဖော့ဒ်ရဲ့ “ငြိမ်းချမ်းရေးနဲ့ ကြီးပွားတိုးတက်ရေးအပေါ် သန့်ရှင်းရာနှစ်ရဲ့ အကျိုးသက်ရောက်မှု” ဟောပြောချက်ကို ထုတ်လွှင့်တဲ့အခါ ကက်သလစ်ဘုန်းကြီးတွေ အရမ်းဒေါသထွက်ကြတယ်။ * ဒါကြောင့် ဒီအသံသွင်းဟောပြောချက်တွေကို ယူလာပေးတဲ့ ညီအစ်ကို ဒီရှူမာကာကို “အသရေဖျက်မှု၊ လှောင်ပြောင်သရော်မှု၊ မလိုမုန်းထားမှု” နဲ့ တရားစွဲကြတယ်။ ညီအစ်ကိုက ခိုင်ခိုင်မာမာ ထုချေပြောဆိုပေမဲ့ ၂၅ ဂိလ်ဒါ * ဒဏ်ရိုက်ခံရပြီး တရားရုံးစရိတ်အားလုံးလည်း ပေးရတယ်။ အမှုစစ်ဆေးတဲ့အကြောင်းကို အဓိကသတင်းစာသုံးစောင်မှာ ဖော်ပြခဲ့လို့ ပိုကောင်းတဲ့သက်သေခံချက် ဖြစ်သွားတယ်။
အလင်းဆောင်သူ
ကင်းမျှော်စင်အသင်းရဲ့ ၅၂ ပေရှည်တဲ့ အလင်းဆောင်သူ ရွက်သင်္ဘောဟာ ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ကနေ ခြောက်လကြာ ဟောပြောခြင်းခရီးစဉ်ကို ရွက်လွှင့်ပြီးနောက် ၁၉၃၅၊ ဇူလိုင် ၁၅ ရက်မှာ ဂျကာတာမြို့ကို ရောက်လာတယ်။ သင်္ဘောမှာ ဇွဲထက်သန်တဲ့ ရှေ့ဆောင်ခုနစ်ယောက်ပါပြီး အင်ဒိုနီးရှား၊ စင်ကာပူ၊ မလေးရှားနိုင်ငံအနှံ့ သတင်းကောင်းဟောပြောဖို့ ဆုံးဖြတ်ထားကြတယ်။
ရှေ့ဆောင်တွေရဲ့ အလင်းဆောင်သူ ရွက်သင်္ဘောဟာ နှစ်နှစ်ကျော်အတွင်း အင်ဒိုနီးရှားနိုင်ငံရဲ့ ဆိပ်ကမ်းကြီးငယ်မရွေး သွားပြီး ကျမ်းစာစာပေတွေ ဝေငှခဲ့တယ်။ ဆိပ်ကမ်းငယ်တွေကို ရောက်တာနဲ့ “ကင်းမျှော်စင်အသင်းဥက္ကဋ္ဌ ဂျေ. အက်ဖ်. ရပ်သဖော့ဒ်ရဲ့ဟောပြောချက်ကို ဓာတ်ပြားစက်နဲ့ ဖွင့်ပြတယ်။ သီးခြားဖြစ်နေတဲ့ မလေးရွာသားတွေက သင်္ဘောအကြီးကြီး ဆိုက်ကပ်တာ မြင်တဲ့အခါ၊ လေထဲကနေ အသံအကျယ်ကြီး ထွက်လာတာကို ကြားတဲ့အခါ ဘယ်လောက်အံ့သြကြမယ်ဆိုတာ စဉ်းစားကြည့်ပါ။ ပန်းကန်ပြားပျံကြီးကို မြင်လိုက်ရသလို စိတ်လှုပ်ရှားနေကြတယ်” လို့ ညီအစ်မ ဂျန် ဒေးရှမ် ပြောပြတယ်။
ညီအစ်ကိုတွေ ရဲရဲဝံ့ဝံ့ဟောပြောတာကြောင့် ဘုန်းကြီးတွေ ဒေါသထွက်ပြီး အင်ဒိုနီးရှားဆိပ်ကမ်း အတော်များများကို ဝင်ခွင့်မပေးဖို့ အာဏာပိုင်တွေကို ဖိအားပေးတယ်။ ဒါကြောင့် ၁၉၃၇၊ ဒီဇင်ဘာလမှာ အလင်းဆောင်သူ ရွက်သင်္ဘောဟာ ဩစတြေးလျနိုင်ငံကို ပြန်သွားတယ်။ အင်ဒိုနီးရှားမှာ ထူးခြားတဲ့ ဟောပြောခြင်းလုပ်ငန်းမှတ်တမ်းပါပဲ။
^ စာပိုဒ်၊ 2 ညီအစ်ကိုရပ်သဖော့ဒ်ရဲ့ ဟောပြောချက်က ကက်သလစ်ချာ့ခ်ျရဲ့ သွန်သင်ချက်အမှားတွေ၊ နိုင်ငံရေးနဲ့ စီးပွားရေးမှာ အကျင့်ပျက်ခြစားမှုတွေကို ဖော်ထုတ်တယ်။
^ စာပိုဒ်၊ 2 ယူအက်စ်ဒေါ်လာ ၃၀၀ နဲ့ ညီမျှတယ်။