သွေးအားနည်းရောဂါ ရင်းမြစ်၊ လက္ခဏာနဲ့ ကုသနည်း
“ကျွန်မ ဆယ်ကျော်သက်ရွယ်တုန်းက သွေးအားနည်းရောဂါ ရှိခဲ့တယ်။ လေးကန်ထိုင်းမှိုင်းတယ်။ မောပန်းလွယ်တယ်။ အရိုးအဆစ်တွေ ကိုက်ခဲတယ်။ အာရုံစူးစိုက်မှုလည်း အားနည်းတယ်။ ဆရာဝန်က သံဓာတ်အားဖြည့်ဆေး ပေးတော့ သောက်ကြည့်တယ်။ အာဟာရရှိတဲ့အစာတွေ စားတယ်။ နောက်တော့ သက်သာလာတယ်” လို့ ဘဲ့ထ် ပြောတယ်။
ဘဲ့ထ်ရဲ့ ကျန်းမာရေး ပြဿနာက မဆန်းပါဘူး။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ မှတ်တမ်းအရ လူသန်းနှစ်ထောင်၊ ကမ္ဘာ့လူဦးရေ ၃၀ ရာခိုင်နှုန်းလောက်မှာ သွေးအားနည်းရောဂါ ရှိနေတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ကိုယ်ဝန်ဆောင် ၅၀ ရာခိုင်နှုန်းနဲ့ ကျောင်းနေအရွယ် မရောက်သေးတဲ့ ကလေး ၄၀ ရာခိုင်နှုန်းခန့်မှာ သွေးအားနည်းရောဂါ ရှိနေပါတယ်။
သွေးအားနည်းရောဂါမှာ ဆိုးရွားတဲ့ အကျိုးဆက်တွေ ရှိနိုင်တယ်။ ဆိုးရွားတဲ့ အခြေအနေတွေမှာ နှလုံးရောဂါ ဖြစ်နိုင်တယ်။ နှလုံးခုန် ရပ်သွားတာမျိုးတောင် ဖြစ်နိုင်တယ်။ နိုင်ငံဒေသတချို့မှာ သွေးအားနည်းရောဂါကြောင့် “မိခင်သေဆုံးမှု ၂၀ ရာခိုင်နှုန်း” ရှိတယ် ဆိုပြီး WHO က ဆိုတယ်။ သွေးအားနည်းရောဂါဟာ သံဓာတ်ချို့တဲ့မှုကြောင့် အဖြစ်အများဆုံး ဖြစ်တယ်။ သံဓာတ်ချို့တဲ့,တဲ့ မိခင်တွေဟာ လမစေ့ဘဲ၊ ပေါင်မပြည့်ဘဲ ကလေးမွေးတတ်ကြတယ်။ သွေးအားနည်းရောဂါရှိတဲ့ ကလေးတွေဟာ ကြီးထွားဖွံ့ဖြိုးမှု နှေးကြတယ်။ ရောဂါကူးစက်လွယ်ကြတယ်။ ပုံမှန်အားဖြင့်တော့ သံဓာတ်ချို့တဲ့,တဲ့ သွေးအားနည်းရောဂါဟာ ကာကွယ်၊ ကုသလို့ရပါတယ်။ a
သွေးအားနည်းရောဂါဆိုတာ ဘာလဲ
သွေးအားနည်းရောဂါဟာ ကျန်းမာရေးပြဿနာတစ်ခုပါ။ ရိုးရိုးလေး ပြောရရင် သွေးအားနည်းရောဂါ ရှိတဲ့သူတွေမှာ အားကောင်းတဲ့ သွေးနီဥ အလုံအလောက် မရှိဘူး။ သွေးနီဥ မလုံလောက်တဲ့ အကြောင်းရင်း အမျိုးမျိုး ရှိတယ်။ သိပ္ပံပညာရှင်တွေက သွေးအားနည်းရောဂါကို အမျိုးပေါင်း ၄၀၀ ကျော် ခွဲကြတယ်။ ခဏတာ သွေးအားနည်းခြင်း၊ နာတာရှည် သွေးအားနည်းခြင်း ရှိသလို ပြင်းထန်တာ၊ မပြင်းထန်တာလည်း ရှိပါတယ်။
သွေးအားနည်းရောဂါ ဖြစ်ရတဲ့ အကြောင်းရင်း
သွေးအားနည်းရောဂါ ဖြစ်ရတဲ့ အကြောင်းရင်း သုံးရပ် ရှိတယ်-
သွေးထွက်မှုကြောင့် ကိုယ်ခန္ဓာထဲက သွေးနီဥ ပမာဏ လျော့နည်းခြင်း။
အားကောင်းတဲ့ သွေးနီဥတွေကို ကိုယ်ခန္ဓာက မထုတ်လုပ်နိုင်ခြင်း။
သွေးနီဥတွေကို ကိုယ်ခန္ဓာက ဖျက်ဆီးခြင်း။
သံဓာတ်ချို့တဲ့မှုကြောင့် ဖြစ်တဲ့ သွေးအားနည်းရောဂါဟာ ကမ္ဘာမှာ အဖြစ်များဆုံးလို့ သတ်မှတ်ထားတယ်။ ကိုယ်ခန္ဓာမှာ သံဓာတ် အလုံအလောက် မရှိရင် ဟီမိုဂလိုဘင်ကိုလည်း အလုံအလောက် မထုတ်လုပ်နိုင်ဘူး။ ဟီမိုဂလိုဘင်က သွေးနီဥထဲမှာ ရှိပြီး အောက်စီဂျင်ကို သယ်ယူပို့ဆောင်ပေးနိုင်တယ်။
သံဓာတ်ချို့တဲ့မှု လက္ခဏာက ဘာတွေလဲ
သွေးအားနည်းရောဂါ ဖြစ်ခါစမှာ မသိသာဘူး။ တချို့ဆိုရင် ရှိလို့ရှိမှန်းတောင် သတိမထားမိကြဘူး။ ရောဂါလက္ခဏာတွေ ကွဲပြားနိုင်ပေမဲ့ သံဓာတ်ချို့တဲ့မှု လက္ခဏာတချို့က-
အလွန်အမင်း မောပန်းခြင်း
ခြေလက် အေးစက်ခြင်း
အားနည်းခြင်း
အသားအရေ ဖြူဖတ်ဖြူရော် ဖြစ်ခြင်း
ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း
ရင်ဘတ်အောင့်ခြင်း၊ နှလုံးခုန် မြန်ခြင်း၊ အသက်ရှူ မဝခြင်း
လက်သည်း ကျိုးလွယ်ခြင်း
ခံတွင်း ပျက်ခြင်း (အထူးသဖြင့် နို့စို့ကလေးနဲ့ ကလေးငယ်တွေမှာ အဖြစ်များ)
ရေခဲ၊ ကစီဓာတ်၊ မြေခဲကိုတောင် စားချင်စိတ် ပြင်းပြခြင်း
ဘယ်သူတွေမှာ ဖြစ်နိုင်ချေ များသလဲ
ရာသီလာတဲ့အခါ သွေးဆုံးရှုံးတဲ့အတွက် အမျိုးသမီးတွေမှာ သံဓာတ်ချို့တဲ့မှု အဖြစ်များတယ်။ ဗီတာမင် ဘီ တစ်မျိုး ဖြစ်တဲ့ ဖောလိပ် (ဖောလစ် အက်ဆစ်) ပါတဲ့ အစားအသောက်တွေကို ကိုယ်ဝန်ဆောင်မိခင်တွေ အလုံအလောက် မစားရင်လည်း ဖြစ်တတ်တယ်။
လမစေ့၊ ပေါင်မပြည့်ဘဲ မွေးလာပြီး မိခင်နို့၊ ကလေးနို့မှုန့်ကနေ သံဓာတ် အလုံအလောက် မရရှိတဲ့ နို့စို့ကလေးတွေ။
အာဟာရ စုံအောင် မစားတဲ့ ကလေးတွေ။
သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို အလုံအလောက် မစားတဲ့ သက်သတ်လွတ်သမားတွေ။
သွေးရောဂါ၊ ကင်ဆာ၊ ကျောက်ကပ်ပျက်စီးခြင်း၊ ပြည်တည်နာနဲ့ တခြားကူးစက်ရောဂါရှိတဲ့ နာတာရှည်ရောဂါသမားတွေ။
သွေးအားနည်းရောဂါ ကုသနည်း
သွေးအားနည်းရောဂါတိုင်းကို ကုသလို့၊ ကာကွယ်လို့ မရပါဘူး။ များသောအားဖြင့် အောက်ပါ အာဟာရဓာတ်တွေကို စုံအောင် စားပေးခြင်းအားဖြင့် သံဓာတ် နည်းခြင်း၊ ဗီတာမင် ချို့တဲ့ခြင်းကြောင့် ဖြစ်တဲ့ ရောဂါတွေကိုတော့ ကာကွယ်ကုသနိုင်ပါတယ်-
သံဓာတ်။ အသား၊ ပဲနီ၊ ပဲဝါ၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေမှာ ပါတယ်။ b သံထည် မီးဖိုချောင်သုံး ပစ္စည်းတွေနဲ့ ချက်ပြုတ်တာကလည်း အစားအစာမှာ သံဓာတ်ပါဝင်မှုကို တိုးမြှင့်ပေးလို့ အထောက်အကူပြုတယ်ဆိုပြီး လေ့လာမှုတချို့က ဖော်ပြတယ်။
ဖောလိပ်။ အသီးအနှံ၊ အစိမ်းရင့်ရောင် အရွက်၊ ပဲစိမ်း၊ ဗိုလ်စားပဲ၊ ဒိန်ခဲ၊ ကြက်ဥ၊ ငါး၊ ဗာဒံစေ့နဲ့ မြေပဲတွေမှာ ပါတယ်။ ပေါင်မုန့်၊ cereal၊ အီတလီခေါက်ဆွဲ၊ ထမင်း စတဲ့ ဗီတာမင် ဖြည့်စွက်ထားတဲ့ အစေ့အဆန်တွေမှာလည်း တွေ့ရတယ်။ ဖောလစ် အက်ဆစ်ဆိုတာ ဖန်တီးထားတဲ့ ဖောလိပ်ပါ။
ဗီတာမင် ဘီ-၁၂။ အသား၊ နို့ထွက်ပစ္စည်း၊ အားဖြည့် ကွေကာ၊ ပဲပိစပ်နဲ့ လုပ်တဲ့ အစားအသောက်တွေမှာ ပါတယ်။
ဗီတာမင် စီ။ ရှောက်မျိုးဝင် အသီးတွေ၊ သစ်သီးဖျော်ရည်၊ ငရုတ်ကောင်း၊ ပန်းဂေါ်ဖီအစိမ်း၊ ခရမ်းချဉ်းသီး၊ ဖရဲမျိုး၊ စတော်ဘယ်ရီသီးတွေမှာ ပါတယ်။ သံဓာတ်ကို ခန္ဓာကိုယ် စုပ်ယူနိုင်အောင် ဗီတာမင် စီ ပါဝင်တဲ့ အစားအစာတွေက ကူညီပေးပါတယ်။
ဒေသ တစ်ခုနဲ့ တစ်ခု အစားအစာတွေ မတူကြဘူး။ ဒါကြောင့် ကိုယ့်ဒေသမှာရှိတဲ့ ဘယ်အစားအစာတွေမှာ အဓိက အာဟာရဓာတ်တွေ ပါဝင်သလဲဆိုတာ လေ့လာပါ။ အမျိုးသမီးတစ်ယောက်ဆိုရင်၊ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင် ဒါမှမဟုတ် ကလေးယူဖို့ စဉ်းစားနေတဲ့သူဆိုရင် ပိုသတိထားရပါမယ်။ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ရင် ကိုယ့်ရင်သွေးကိုလည်း သွေးအားနည်းရောဂါကနေ ကာကွယ်ရာ ရောက်ပါတယ်။ c
a အစားအသောက်နဲ့ ဆက်စပ်အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဒီဆောင်းပါးပါ အချက်အလက်တွေဟာ the Mayo Clinic နဲ့ The Gale Encyclopedia of Nursing and Allied Health ကို အဓိက အခြေခံထားတယ်။ ကိုယ့်မှာ သွေးအားနည်းရောဂါ ရှိတယ်လို့ သံသယရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။
b ဆရာဝန် ညွှန်ကြားချက် မပါဘဲ သံဓာတ်အားတိုးဆေးတွေကို ကိုယ်တိုင် မသောက်သင့်သလို၊ သားသမီးကိုလည်း မတိုက်သင့်ဘူး။ သံဓာတ်လွန်ကဲခြင်းက အသည်းပျက်စီးခြင်း အပါအဝင် တခြားပြဿနာတွေကိုလည်း ဖြစ်ပေါ်စေနိုင်တယ်။
c ဆရာဝန်တွေက သွေးအားနည်းရောဂါကို သွေးသွင်းခြင်းနဲ့ ကုတတ်ကြတယ်။ ဒီကုသနည်းကို ယေဟောဝါသက်သေတွေ လက်မခံကြပါဘူး။—တမန်တော် ၁၅:၂၈၊ ၂၉။