အလုပ်လက်မဲ့ဖြစ်ခြင်းကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ ကူညီပေးတဲ့ ကျမ်းစာမူများ
အလုပ်လက်မဲ့ဖြစ်သွားတဲ့အခါ ဝင်ငွေထိခိုက်ရုံမက တစ်မိသားစုလုံးနဲ့ ကိုယ့်စိတ်ပိုင်းကိုလည်း ဂယက်ရိုက်တယ်။ အချိန်မရွေး အသုံးတည့်တဲ့ အောက်ပါ ကျမ်းစာမူတွေက အလုပ်လက်မဲ့ပြဿနာကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ ကူညီပေးတယ်။
ရင်ဖွင့်ပါ။
ကျမ်းစာအဆို– “မိတ်ဆွေစစ်ဆိုတာ အချိန်အခါမရွေး မေတ္တာပြတတ်တယ်။”—ပညာအလိမ္မာ ၁၇:၁၇။
အလုပ်လက်မဲ့ဖြစ်သွားတဲ့အခါ ဝမ်းနည်းလိုက်၊ စိတ်တိုလိုက်၊ အသုံးမကျဘူးလို့ ခံစားလိုက်၊ ဦးတည်ရာမဲ့ဖြစ်လိုက် ခံစားရနိုင်တယ်။ မိသားစုနဲ့ သူငယ်ချင်း အရင်းအချာတွေကို ရင်ဖွင့်လိုက်တာက စိတ်ပိုင်းဆိုင်ရာ အကူအညီ ရစေတယ်။ သူတို့က ရှေ့ဆက်သွားနိုင်ဖို့ ကိုယ့်ကို လက်တွေ့ကျ အကူအညီတွေ ပေးနိုင်တယ်။
အစိုးအရိမ် မလွန်ကဲပါနဲ့။
ကျမ်းစာအဆို– “နေ့ရက်တိုင်းဟာ သူ့စိုးရိမ်စရာနဲ့သူ ရှိနေမှာဆိုတော့ မနက်ဖြန်အတွက် ဘယ်တော့မှ မစိုးရိမ်ပါနဲ့။”—မဿဲ ၆:၃၄။
ကြိုတင်စီစဉ်ထားဖို့ ကျမ်းစာက တိုက်တွန်းတယ်။ (ပညာအလိမ္မာ ၂၁:၅) ဒါပေမဲ့ အနာဂတ်အတွက် အစိုးအရိမ် လွန်ကဲတာကို ရှောင်ဖို့ အကြံပြုထားတယ်။ စိတ်ပူနေတာတွေ ဖြစ်မလာတတ်တာမို့ တစ်နေ့တာအတွက်ပဲ စဉ်းစားပါ။
လက်ရှိခံစားနေရတဲ့ စိတ်ဖိစီးမှုတွေကို ဖြေရှင်းရာမှာ လက်တွေ့သုံးနိုင်တဲ့ အကြံဉာဏ်တွေကို ကျမ်းစာထဲမှာ ထပ်ဖတ်နိုင်တယ်။ ထပ်သိဖို့ “စိတ်ဖိစီးမှုကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ” ဆောင်းပါးကို ဖတ်ပါ။
အသုံးအစွဲ ဆင်ခြင်ပါ။
ကျမ်းစာအဆို– “ကြွယ်ဝတာဖြစ်စေ၊ ချို့တဲ့တာဖြစ်စေ . . . သင်ယူထားပြီ။”— ဖိလိပ္ပိ ၄:၁၂။
အခြေအနေပေါ်မူတည်ပြီး အလိုက်သင့် နေထိုင်ပါ။ ဒီတော့ ရှိတာလေးနဲ့ ဆက်ရပ်တည်နိုင်ဖို့ အသုံးအစွဲ ဆင်ခြင်ပါ။ မလိုအပ်ဘဲ အကြွေးမယူပါနဲ့။—ပညာအလိမ္မာ ၂၂:၇။
ရှိတဲ့ငွေကြေးနဲ့ ဆက်ရပ်တည်နိုင်ပုံအကြောင်း ထပ်သိချင်ရင် “ဝင်ငွေနည်းနည်းနဲ့ ဆက်ရပ်တည်နိုင်ပုံ” ဆောင်းပါးကို ဖတ်ပါ။
အချိန်ကို အကျိုးရှိရှိ သုံးပါ။
ကျမ်းစာအဆို– “ပညာသတိနဲ့ . . . အချိန်ကို အကျိုးရှိရှိ အသုံးချကြပါ။”— ကောလောသဲ ၄:၅။
အရင်လို အလုပ်သွားချိန် မရှိတော့ပေမဲ့ အဲဒီအချိန်ကို ကောင်းကောင်းသုံးတဲ့ အလေ့အထ လုပ်ပါ။ အဲဒီလိုလုပ်တာက ဘဝကို တည်တည်ငြိမ်ငြိမ် ဖြတ်သန်းနိုင်အောင်၊ ကိုယ့်ကိုယ်ကို တန်ဖိုးရှိတယ်လို့ ခံစားရအောင် ကူညီပေးတယ်။
ပြောင်းသာလဲသာရှိပါ။
ကျမ်းစာအဆို– “ကြိုးစားပမ်းစားလုပ်တဲ့ အလုပ်မှန်သမျှ အကျိုးရှိတယ်။”—ပညာအလိမ္မာ ၁၄:၂၃။
အရင်က မလုပ်ဖူးတဲ့ အလုပ်ကို လုပ်ချင်စိတ်ရှိပါ။ ဂုဏ်မရှိဘူးလို့ထင်ရတဲ့၊ အရင်ကထက် လစာနည်းတဲ့ အလုပ်တွေ လုပ်ကြည့်ဖို့ စဉ်းစားနိုင်တယ်။
ဇွဲမလျှော့ပါနဲ့။
ကျမ်းစာအဆို– “နံနက်ခင်းမှာ မျိုးစေ့ကြဲပါ။ ညနေစောင်းအထိ လက်ကို အနားမပေးပါနဲ့။ နံနက်ခင်းမှာကြဲတဲ့ မျိုးစေ့ဟာ အပင်ပေါက်မလား၊ ညနေစောင်းမှာကြဲတဲ့ မျိုးစေ့ဟာ အပင်ပေါက်မလား ဒါမှမဟုတ် နှစ်ခုစလုံး ပေါက်လာမလား မသိနိုင်ဘူး။”— ဒေသနာ ၁၁:၆။
အလုပ် ဆက်ရှာနေပါ။ အလုပ်ရှာနေတယ်လို့ ဆွေမျိုးတွေ၊ အသိအကျွမ်းတွေ၊ အလုပ်ဖော်ဟောင်းတွေ၊ အိမ်နီးချင်းတွေ၊ တခြားသူတွေကို ပြောပြပါ။ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေကို မေးပါ။ အလုပ်ခေါ်မခေါ် သိနိုင်ဖို့ ကုမ္ပဏီဝက်ဆိုက်တွေမှာ ရှာဖွေလေ့လာပါ။ အလုပ်မရမချင်း အင်တာဗျူးတွေ ဖြေဖို့၊ အလုပ်လျှောက်ဖောင်တွေ တင်ဖို့ ပြင်ဆင်ထားပါ။