ရိုးရှင်းတဲ့ဘဝကြောင့် ရရှိတဲ့ ရွှင်လန်းမှု
ဒေနီယယ်နဲ့ မီရီယံတို့ဟာ ၂၀၀၀၊ စက်တင်ဘာလမှာ လက်ထပ်ပြီး စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့မှာ အခြေချနေထိုင်ကြတယ်။ ဒေနီယယ် ဒီလိုပြောတယ်– “သာမန်လို့ခေါ်တဲ့ ဘဝမျိုးနဲ့ ကျွန်တော်တို့ နေထိုင်ကြပါတယ်။ ဝင်ငွေကောင်းလို့ အကောင်းစား စားသောက်ဆိုင်တွေမှာ စားနိုင်တယ်။ ပြည်ပခရီး သွားနိုင်တယ်။ အဝတ်အစားကောင်းတွေ ဝတ်နိုင်တယ်။ အမှုဆောင်မှာလည်း ပုံမှန် ပါဝင်တယ်။” ဒါပေမဲ့ အပြောင်းအလဲ ဖြစ်ခဲ့တယ်။
၂၀၀၆ ခရိုင်အစည်းအဝေးမှာ “‘အသတ်ခံဖို့ ဒယီးဒယိုင် သွားနေရသူတွေ’ ထာဝရအသက်လမ်းပေါ် ရောက်စေဖို့ ကျွန်တော်တို့ အတတ်နိုင်ဆုံး ကူညီပေးနေသလား” ဆိုတဲ့ မေးခွန်းက ဒေနီယယ်ရဲ့ နှလုံးကို ထိမိခဲ့တယ်။ (ပညာ. ၂၄:၁၁) ဒါက ကျမ်းစာ အသက်ပေး သတင်းတရားကို ကြေညာရမယ့်တာဝန်အကြောင်း အလေးပေးထားတယ်။ (တ. ၂၀:၂၆၊ ၂၇) “ကျွန်တော့်ကို ယေဟောဝါ ပြောနေသလို ခံစားရတယ်” လို့ ဒေနီယယ် ပြောတယ်။ အမှုဆောင်လုပ်ငန်းမှာ တိုးချဲ့ပါဝင်တာက ပိုပျော်ရွှင်စေတယ်လို့လည်း ဟောပြောချက်မှာ ပါတယ်။ ဒီအချက် မှန်တယ်ဆိုတာ ဒေနီယယ် သိတယ်။ မီရီယံ ရှေ့ဆောင်လုပ်နေပြီး ပျော်စရာကောင်းချီးတွေ ခံစားနေရပြီ။
“ကျွန်တော့်ဘဝကို ၁၈၀ ဒီဂရီ ပြောင်းလဲတော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။” အဲဒီအတိုင်းပဲ ဒေနီယယ် ပြောင်းလဲခဲ့တယ်။ အလုပ်ချိန်ကို လျှော့ချပြီး ရှေ့ဆောင် စလုပ်တယ်။ ပိုလိုအပ်တဲ့နေရာမှာ အမှုဆောင်ခြင်းကြောင့် ရရှိနိုင်တဲ့ ရွှင်လန်းမှုအကြောင်း သူနဲ့ မီရီယံ တွေးတောခဲ့ကြတယ်။
အခက်အခဲမှ ရွှင်လန်းမှုသို့
၂၀၀၇၊ မေလမှာ ဒေနီယယ်နဲ့ မီရီအံ အလုပ်က ထွက်ပြီး အရင်တစ်ခါ ရောက်ဖူးတဲ့ ပနားမားနိုင်ငံကို သွားခဲ့ကြတယ်။ သူတို့ရဲ့ ရပ်ကွက်သစ်ဟာ ကာရစ်ဘီယံပင်လယ်မှာရှိတဲ့ ကျွန်းများစွာနဲ့ ဖွဲ့စည်းထားတဲ့ ဘိုကတ်စ ဒဲလ် တိုရို အာခီပေလဂို ဖြစ်တယ်။ အဲဒီမှာ ငါဘီတိုင်းရင်းသားအများစု နေထိုင်တယ်။ ဒေနီယယ်နဲ့ မီရီယံတို့ စုဆောင်းထားတဲ့ငွေနဲ့ ပနားမားမှာ ရှစ်လလောက် နေနိုင်မယ်လို့ တွက်ခဲ့ကြတယ်။
ကျွန်းတွေကို လှေ၊ စက်ဘီးတွေနဲ့ သွားလာကြတယ်။ ပူပြင်းတဲ့နေရောင်အောက်မှာ တောင်ကုန်းတက်ရတဲ့ မိုင် ၂၀ (၃၂ ကီလိုမီတာ) ပထမဆုံး စက်ဘီး ခရီးစဉ်ကို သူတို့ ကောင်းကောင်း မှတ်မိသေးတယ်။ ဒေနီယယ် မောလွန်းလို့ သတိလစ်မတတ်ပဲ။ ဒါပေမဲ့ လမ်းတစ်လျှောက် အိမ်တွေမှာ ငါဘီလူမျိုး မိသားစုတွေက ပျူပျူငှာငှာ ဧည့်ဝတ်ပြုကြတယ်။ အထူးသဖြင့် ဒေသခံဘာသာစကား နည်းနည်းတတ်လာတဲ့အခါမှာပေါ့။ မကြာခင်မှာပဲ ကျမ်းစာသင်အံမှု ၂၃ ခု ကျင်းပခဲ့တယ်။
စုထားတဲ့ငွေတွေ ကုန်သွားတော့ ရွှင်လန်းမှုက ဝမ်းနည်းမှု ဖြစ်သွားတယ်။ “ဝမ်းနည်းမျက်ရည်ကျပြီး စပိန်ကို ပြန်ဖို့ စဉ်းစားခဲ့ကြတယ်။ ကျမ်းစာသင်သားတွေကို ထားခဲ့ရမှာ သိပ်ဝမ်းနည်းတယ်” လို့ ဒေနီယယ် ပြောတယ်။ ဒါပေမဲ့ တစ်လအကြာမှာ ဝမ်းသာစရာသတင်း ကြားလိုက်ရတယ်။ မီရီယံက “အထူးရှေ့ဆောင်အဖြစ် ဖိတ်ခေါ်ခံရတယ်။ ကျွန်မတို့ ဒီမှာ ဆက်နေနိုင်လို့ သိပ်ပျော်တယ်” တဲ့။
အကြီးမားဆုံး ရွှင်လန်းမှု
၂၀၁၅ ခုနှစ်မှာ အဖွဲ့အစည်းရဲ့ အပြောင်းအလဲတချို့ကြောင့် ဒေနီယယ်နဲ့ မီရီအံတို့ဟာ မှန်မှန်ရှေ့ဆောင်အဖြစ် အမှုဆောင်ဖို့ တောင်းဆိုခံရတယ်။ ဘာလုပ်ကြသလဲ။ ဆာလံ ၃၇:၅ မှာပါတဲ့ “မင်းတို့ရဲ့ လမ်းစဉ်ကို ယေဟောဝါဆီ ပုံအပ်လိုက်ပါ။ ဘုရားကို အားကိုးပါ။ မင်းတို့ရဲ့အကျိုးအတွက် လုပ်ဆောင်ပေးလိမ့်မယ်” ဆိုတဲ့ ကတိစကားကို သူတို့ ယုံကြည်ကြတယ်။ ရှေ့ဆောင်အဖြစ် ရပ်တည်နိုင်ဖို့ အလုပ်တစ်ခု ရခဲ့တယ်။ အခု ပနားမားနိုင်ငံ၊ ဗေရာဂွါးစ်ပြည်နယ်က အသင်းတော်တစ်ခုမှာ အမှုဆောင်နေကြတယ်။
“စပိန်က မထွက်ခင်မှာတော့ ရိုးရှင်းတဲ့ဘဝနဲ့ နေနိုင်မလားဆိုတာ မသေချာခဲ့ဘူး။ အခုတော့ နေနိုင်ပါပြီ။ တကယ်အရေးကြီးတာတွေ ရရှိနေပါတယ်” လို့ ဒေနီယယ် ပြောတယ်။ သူတို့ရဲ့ အကြီးမားဆုံး ရွှင်လန်းမှုက ဘာလဲ။ “နှိမ့်ချတဲ့သူတွေကို ယေဟောဝါအကြောင်း သင်ပေးရတဲ့ ရွှင်လန်းမှုက ဘာနဲ့မှ နှိုင်းယှဉ်လို့ မရဘူး” လို့ သူတို့ ပြောကြတယ်။