ဆင်းရဲဒုက္ခဟာ ဘုရားဆီက ပြစ်ဒဏ်လား
လူဇီယာရဲ့ ဘယ်ခြေထောက်က မသန်ဘူး။ ငယ်ငယ်တုန်းက အာရုံကြောစနစ်ကို တိုက်ခိုက်တဲ့ ပိုလီယိုရောဂါ ကူးစက်ခံခဲ့ရတယ်။ အသက် ၁၆ နှစ်တုန်းက လူဇီယာ အလုပ်လုပ်တဲ့ အိမ်ရှင်အမျိုးသမီးက “အမေ့စကား နားမထောင်ဘဲ ဆိုးလို့ ဘုရားဒဏ်ပေးတာ” ဆိုပြီး ပြောလို့ လူဇီယာ စိတ်ထိခိုက်ခဲ့ရတယ်။
ဦးနှောက်ကင်ဆာ ဖြစ်နေမှန်း ဒမာရစ္စ သိလိုက်ရတဲ့အခါ အဖေက “နင် ဘာတွေ လုပ်ထားလို့ ဒီရောဂါ ရတာလဲ။ မကောင်းတာ တစ်ခုခု လုပ်ထားလို့ ဘုရား အပြစ်ပေးတာ နေမှာ” လို့ ပြောတယ်။ ဒမာရစ္စ အတော်စိတ်ကြေကွဲခဲ့ရတယ်။
ဖျားနာမှုဟာ ဘုရားဆီက ပြစ်ဒဏ်ပဲလို့ လူတွေ ယူဆလာတာ ကြာပြီ။ ခရစ်တော်လက်ထက်က လူများစွာလည်း “ဖျားနာမှုဟာ ဖျားနာသူ ဒါမှမဟုတ် ဆွေမျိုးတွေရဲ့ အပြစ်ကြောင့် ခံရတဲ့ ပြစ်ဒဏ်” လို့ ယုံကြည်ကြတယ်ဆိုပြီး စာအုပ်တစ်အုပ် (Manners and Customs of Bible Lands) မှာ ဖော်ပြထားတယ်။ အလယ်ခေတ်တုန်းကလည်း “ပြစ်ဒဏ်အဖြစ် ကပ်ရောဂါတွေကို ဘုရားဖြစ်စေတယ်လို့ လူတချို့ ယုံကြည်ကြတယ်” ဆိုပြီး စာအုပ်တစ်အုပ် (Medieval Medicine and the Plague) က ဆိုတယ်။ ဒါဆို ၁၄ ရာစုတုန်းက ကပ်ရောဂါကြောင့် ဥရောပတစ်ခွင်မှာ လူသန်းပေါင်းများစွာ သေတာဟာ လူဆိုးတွေကို ဘုရား ဒဏ်ပေးတာလား။ ဒါမှမဟုတ် အဲဒီကတည်းက ဆေးသုတေသီတွေ တွေ့ရှိခဲ့သလို ဘက်တီးရီးယားပိုး ကူးစက်မှုကြောင့် ဖြစ်တာလား။ ပြစ်ဒဏ်အဖြစ် လူတွေကို ဘုရား ဖျားနာစေတာလားလို့ လူတချို့ တွေးမိနိုင်တယ်။ *
သုံးသပ်ကြည့်ပါ– ဖျားနာမှုနဲ့ ဆင်းရဲဒုက္ခကို ဘုရားပေးတဲ့ ပြစ်ဒဏ်လို့ ယူမှတ်မယ်ဆိုရင် ယေရှုက ဖျားနာသူတွေကို ဘာကြောင့် ကုပေးတာလဲ။ အဲဒီလို ကုပေးတာက ဘုရားရဲ့ တရားမျှတမှုနဲ့ ဖြောင့်မတ်မှုကို ဆန့်ကျင်ရာရောက်မယ် မဟုတ်လား။ (မဿဲ ၄:၂၃၊ ၂၄) ယေရှုဟာ ဘုရားရဲ့ လုပ်ဆောင်မှုကို ဘယ်တော့မှ မဆန့်ကျင်ဘူး။ ‘ဘုရား နှစ်သက်တာကိုပဲ အမြဲလုပ်တယ်။’ “အဖဘုရား မိန့်မှာတဲ့အတိုင်း လုပ်တယ်။”—ယောဟန် ၈:၂၉။ ၁၄:၃၁။
ယေဟောဝါ ဘုရားဟာ “မတရားမှုကင်းတဲ့ဘုရား” ဖြစ်တယ်လို့ ကျမ်းစာမှာ ရှင်းလင်းစွာ ပြောထားတယ်။ (တရားဟောရာ ၃၂:၄) ဥပမာ၊ ဘုရားက လေယာဉ်ပေါ်မှာပါတဲ့ လူတစ်ယောက်ကို အပြစ်ပေးချင်လို့ လေယာဉ်ပျက်ကျအောင် လုပ်ပြီး အပြစ်မဲ့သူ ရာနဲ့ချီကို သေစေမှာ မဟုတ်ဘူး။ ဘုရားက ဖြောင့်မတ်တဲ့အတွက် “လူကောင်းတွေကို လူဆိုးတွေနဲ့ရောပြီး ဖျက်ဆီးမှာ မဟုတ်ဘူး” လို့ သစ္စာရှိကျေးကျွန် အာဗြဟံပြောတယ်။ (ကမ္ဘာဦး ၁၈:၂၃၊ ၂၅) “ဘုရားသခင်က ဆိုးညစ်တာကို ဘယ်တော့မှ မလုပ်ဘူး၊” “မကောင်းတာကို လုံးဝ မလုပ်ဘူး” လို့လည်း ကျမ်းစာမှာ ပြောထားတယ်။—ယောဘ ၃၄:၁၀-၁၂။
ဆင်းရဲဒုက္ခနဲ့ပတ်သက်ပြီး ကျမ်းစာသွန်သင်ရာ
ကျွန်တော်တို့ ကြုံနေရတဲ့ ဆင်းရဲဒုက္ခဟာ သတ်သတ်မှတ်မှတ် အပြစ်အတွက် ဘုရား ပြစ်ဒဏ်ပေးနေတာ မဟုတ်ဘူး။ မွေးရာပါ မျက်မမြင်တစ်ယောက်ကို မြင်တဲ့အခါ “တပည့်တွေက ‘ရဗ္ဗိ၊ သူ မျက်စိမမြင်ဘဲ မွေးလာတာ သူ့အပြစ်ကြောင့်လား။ မိဘရဲ့အပြစ်ကြောင့်လား’ လို့မေးတော့ ယေရှုက ‘သူ့အပြစ်ကြောင့် မဟုတ်ဘူး။ မိဘရဲ့အပြစ်ကြောင့်လည်း မဟုတ်ဘူး။ သူအဲဒီလိုဖြစ်နေတာဟာ ဘုရားသခင်ရဲ့ လုပ်ဆောင်မှုကို လူတွေ မြင်ခွင့်ရစေဖို့ပဲ’” လို့ဖြေတယ်။—ယောဟန် ၉:၁-၃။
ယေရှု အဲဒီလို ပြောတဲ့အခါ မှားယွင်းတဲ့ အယူအဆရှိထားတဲ့ တပည့်တွေ အံ့ဩသွားမှာပဲ။ ယေရှုဟာ မျက်မမြင်ကို ကုပေးရုံမက ဖျားနာမှုဟာ ဘုရားပေးတဲ့ ပြစ်ဒဏ်ဆိုတဲ့ အယူအဆမှားကိုပါ တည့်မတ်ပေးခဲ့တယ်။ (ယောဟန် ၉:၆၊ ၇) ဘုရားကြောင့် ဒုက္ခရောက် တာ မဟုတ်မှန်း သိရခြင်းက ရောဂါဆိုး ခံစားနေရသူတွေကို နှစ်သိမ့်ပေးနိုင်တယ်။
မကောင်းတာလုပ်လို့ ဘုရား ပြစ်ဒဏ်ပေးတာဆိုရင် ဖျားနာသူတွေကို ယေရှု ဘာကြောင့် ကုပေးတာလဲ
ယုံကြည်စိတ်ချစေတဲ့ ကျမ်းချက်များ
-
“မကောင်းတဲ့အရာတွေနဲ့ ဘုရားသခင်ကို ဘယ်သူမှ စမ်းသပ်လို့မရသလို ဘုရားသခင်ကလည်း ဘယ်သူ့ကိုမှ မကောင်းတဲ့အရာနဲ့ မစမ်းသပ်ဘူး။” (ယာကုပ် ၁:၁၃) ဖျားနာခြင်း၊ နာကျင်ခြင်း၊ သေခြင်း အပါအဝင် လူတွေကို နှစ်ပေါင်းများစွာ ဒုက္ခပေးလာတဲ့ “မကောင်းတဲ့အရာတွေ” မကြာခင် ဖယ်ရှားခံရပါတော့မယ်။
-
ယေရှုခရစ်က “ဝေဒနာခံစားနေရသူ အားလုံးကို ကုသပေးတယ်။” (မဿဲ ၈:၁၆) မိမိဆီရောက်လာတဲ့ လူနာအားလုံးကို ကုသပေးခြင်းအားဖြင့် ကမ္ဘာတစ်ဝန်းမှာ ဘုရားနိုင်ငံတော် လုပ်ပေးမယ့်အရာကို ပြခဲ့တယ်။
-
“ဘုရားသခင်က သူတို့ရဲ့ မျက်ရည်ရှိသမျှကို သုတ်ပေးလိမ့်မယ်။ သေခြင်းရှိတော့မှာ မဟုတ်ဘူး။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းလည်း ရှိတော့မှာ မဟုတ်ဘူး။ အရင်ကဖြစ်ဖူးတာတွေ ကွယ်ပျောက်သွားပြီ။”—ဗျာဒိတ် ၂၁:၃-၅။
ဘယ်သူ့ကို အပြစ်တင်ရမလဲ
ဒါဆိုရင် လူတွေ ဘာကြောင့် ဒီလောက် ဒုက္ခရောက်နေတာလဲ။ ဒီမေးခွန်းကို လူတွေ စဉ်းစားလာတာ နှစ်ပေါင်းများစွာရှိပြီ။ ဘုရားကို အပြစ်မတင်ရင် ဘယ်သူ့ကို အပြစ်တင်ရမလဲ။ ဒီအကြောင်းကို နောက်ဆောင်းပါးမှာ ဆွေးနွေးပါမယ်။
^ အပိုဒ်၊ 4 သတ်သတ်မှတ်မှတ် အပြစ်တွေအတွက် အရင်တုန်းက လူတွေကို ဘုရား ဒဏ်ခတ်တဲ့ အချိန်တွေ ရှိပေမဲ့ အခုတော့ ဖျားနာမှု၊ အဖြစ်ဆိုးစတာတွေနဲ့ ဘုရား ဒဏ်ပေးတယ်လို့ ကျမ်းစာမှာ မဖော်ပြဘူး။