ပညာရေးနဲ့ ငွေက လုံခြုံစိတ်ချရတဲ့ အနာဂတ် ရစေနိုင်သလား
အဆင့်မြင့် ပညာတတ်ရင်၊ ချမ်းသာရင် လုံခြုံစိတ်ချရတဲ့ အနာဂတ်ရမယ်လို့ လူများစွာ ယူဆကြတယ်။ ဘွဲ့ရထားရင် လုပ်ငန်းခွင်အတွက်၊ မိသားစုအတွက်၊ လူ့အသိုင်းအဝိုင်းအတွက် အကျိုးရှိတယ်လို့ ယုံကြည်ကြတယ်။ ပညာတတ်ရင် လစာကောင်းတဲ့အလုပ် ရမယ်၊ ငွေအများကြီး ရှိလာပြီး ပျော်ရွှင်မယ်လို့ ယူဆကြတယ်။
လူအများစု ရွေးချယ်ရာ
တရုတ်နိုင်ငံက ကျောက်ချန် ပြောတာကို နားထောင်ကြည့်ပါ– “ဆင်းရဲတွင်းက လွတ်ဖို့ဆိုရင် ဘွဲ့ရဖို့ လိုတယ်၊ လစာကောင်းတဲ့ အလုပ်ရှိရင် ပျော်ရွှင်ကျေနပ်တဲ့ဘဝ ရမယ်လို့ ကျွန်တော် ယုံကြည်ခဲ့တယ်။”
လူများစွာဟာ လုံခြုံစိတ်ချရတဲ့ အနာဂတ်ရဖို့ နာမည်ကြီး တက္ကသိုလ်တွေမှာ၊ နိုင်ငံရပ်ခြားမှာ ပညာဆည်းပူးချင်ကြတယ်။ ကိုဗစ်-၁၉ မဖြစ်ခင်တုန်းက အဲဒါ ခေတ်စားတယ်။ ၂၀၁၂ ခုနှစ် အဖွဲ့အစည်းတစ်ခုရဲ့ လေ့လာချက်အရ “နိုင်ငံရပ်ခြားမှာ ပညာသင်နေတဲ့ ကျောင်းသားတစ်ဝက်ကျော်ဟာ အာဆီယံ နိုင်ငံတွေက ဖြစ်တယ်” လို့ ဆိုတယ်။
သားသမီးတွေ နိုင်ငံရပ်ခြားမှာ တက္ကသိုလ်တက်ဖို့ မိဘတွေက ရုန်းကန်ကြရတယ်။ ထိုင်ဝမ်က ရှီရှောင် ဒီလို ပြောတယ်– “ကျွန်တော့်မိဘတွေက မချမ်းသာဘူး။ ဒါပေမဲ့ ကျွန်တော်တို့ မောင်နှမ လေးယောက်ကို အမေရိကန်မှာ ကျောင်းထားပေးတယ်။” သူ့ရဲ့ မိသားစုလည်း တခြား မိသားစုတွေလိုပဲ ကျောင်းစရိတ်ကြောင့် အကြွေးနစ်ခဲ့ရတယ်။
ဘာအကျိုး ရသလဲ
ပညာရေးက ကဏ္ဍတချို့မှာ ဘဝကို တိုးတက်စေနိုင်ပေမဲ့ ကျောင်းသားတွေ မျှော်လင့်တဲ့ အတိုင်း အမြဲ ဖြစ်မလာဘူး။ ဥပမာ၊ တချို့သူတွေဟာ ပင်ပင်ပန်းပန်း အလုပ်လုပ်၊ ငွေချေးပြီး ကျောင်းတက်ခဲ့ကြတယ်။ ဒါပေမဲ့ သူတို့လိုချင်တဲ့ အလုပ်မျိုး မရကြဘူး။ စင်္ကာပူ စီးပွားရေး စာစောင်တစ်ခုမှာ ရေချယ်မွေက “ဘွဲ့ရ အလုပ်လက်မဲ့တွေ များများလာပြီ” လို့ ပြောတယ်။ ဘွဲ့လက်မှတ် အများကြီးရထားတဲ့ ထိုင်ဝမ်က ဂျဲရင့်ချယ် ဒီလို ပြောတယ်– “လူများစွာဟာ ရထားတဲ့ဘွဲ့နဲ့ မသက်ဆိုင်တဲ့ အလုပ်ကို လုပ်နေကြရတယ်။”
ကိုယ်တတ်ထားတဲ့ပညာနဲ့ ကိုက်ညီတဲ့အလုပ် ရထားတဲ့သူတွေတောင် ဘဝက မျှော်လင့်တဲ့အတိုင်း ဖြစ်မလာဘူးဆိုတာ သိလာကြရတယ်။ ထိုင်းနိုင်ငံက နီရန်ဟာ ဥရောပမှာ ကျောင်းတက်ပြီး ပြန်လာတဲ့အခါ သင်ထားတဲ့ပညာနဲ့ ကိုက်ညီတဲ့ အလုပ် ရခဲ့တယ်။ “ကျွန်တော် မျှော်လင့်ထားတဲ့အတိုင်း လစာကောင်းတဲ့ အလုပ်တစ်ခု ရတယ်။ ဒါပေမဲ့ လစာကောင်းလေ၊ ပင်ပန်းလေ၊ အချိန်ပိုပေးရလေပဲ။ နောက်ပိုင်းမှာ ကုမ္ပဏီက အလုပ်သမားတွေ လျှော့လိုက်တော့ ကျွန်တော်လည်း ပါသွားတယ်။ ဘယ်အလုပ်မှ လုံခြုံစိတ်ချရတဲ့ အနာဂတ်အတွက် အာမ မခံဘူးဆိုတာ ကျွန်တော် သိလာတယ်။”
ချမ်းသာတဲ့သူတွေ၊ ပျော်ရွှင်သာယာတဲ့ ဘဝကို ပိုင်ဆိုင်ထားတယ်လို့ ထင်တဲ့သူတွေတောင် မိသားစု ပြဿနာ၊ ကျန်းမာရေး ပြဿနာ၊ ငွေကြေး ပြဿနာ ကြုံနေကြရတယ်။ ဂျပန်နိုင်ငံက ကာဆူတိုရှီ ဒီလိုပြောတယ်– “ကျွန်တော့်မှာ ပိုင်ဆိုင်ရာတွေ အများကြီးရှိတယ်။ ဒါပေမဲ့ ပြိုင်ဆိုင်မှု၊ မနာလိုမှု၊ အနိုင်ကျင့်မှုတွေကြောင့် စိတ်ပျက်ရတယ်။” ဗီယက်နမ်က လမ် ဒီလို ပြောတယ်– “လူတွေဟာ လစာကောင်းတဲ့ အလုပ် ရဖို့ ကြိုးစားပြီး ငွေရေးကြေးရေးအတွက် စိတ်မပူရအောင် လုပ်ကြတယ်။ တကယ်တမ်းကျတော့ စိုးရိမ်ပူပန်ပြီး ဖျားနာလာ၊ စိတ်ဓာတ်ကျလာကြတယ်။”
ဖရန်ကလင်လိုပဲ လူများစွာဟာ ဘဝမှာ အဆင့်မြင့်ပညာ လိုက်စားတာ၊ စည်းစိမ်ဥစ္စာ ရှာဖွေတာထက် ပိုအရေးကြီးတာ ရှိဦးမယ်လို့ ကောက်ချက်ချကြတယ်။ တချို့ကျတော့ စည်းစိမ်ဥစ္စာကို အဓိကမထားဘဲ လူကောင်းဖြစ်ဖို့၊ ကောင်းမှုလုပ်ဖို့ ကြိုးစားပြီး ပိုကောင်းတဲ့ အနာဂတ်ကို ရှာဖွေကြတယ်။ အဲဒီလို လုပ်တာက လုံခြုံစိတ်ချရတဲ့ အနာဂတ်ကို ရစေမလား။ နောက်ဆောင်းပါးမှာ အဖြေတွေ့ပါလိမ့်မယ်။