မိသားစုအတွက် အကူအညီ | လူငယ်များ
မိတ်ဆွေကောင်း ဖွဲ့နိုင်ပုံ
အခက်အခဲ
နည်းပညာကြောင့် ဟိုးအရင်ကထက်စာရင် လူတွေနဲ့ပိုပြီး လွယ်လွယ်ကူကူ ဆက်သွယ်နိုင်လာပြီ။ ဒါပေမဲ့ အဲဒီဆက်သွယ်ရေးက အပေါ်ယံပဲဖြစ်နေနိုင်တယ်။ လူငယ်တစ်ယောက် ဒီလိုပြောတယ်– “နည်းပညာကြောင့်ရတဲ့ သူငယ်ချင်းတွေက မတည်မြဲဘူး။ အဖေနဲ့ သူ့ရဲ့သူငယ်ချင်းတွေကျတော့ နှစ်ပေါင်းများစွာ အခင်အမင်မပျက် ရှိနေကြတယ်။”
တည်မြဲတဲ့ သူငယ်ချင်းကောင်းတွေရဖို့ ဒီနေ့ခေတ်မှာ ဘာကြောင့်ခက်ခဲရ တာလဲ။
သိသင့်သိထိုက်ရာ
နည်းပညာ။ စာတိုပို့တာ၊ လူမှုဆက်သွယ်ရေးကွန်ရက်သုံးတာနဲ့ တခြားနည်းပညာတွေကြောင့် တစ်ယောက်နဲ့တစ်ယောက် မမြင်မတွေ့ရဘဲ ဆက်သွယ်ရေးကောင်းရှိပုံ ပေါက်နိုင်တယ်။ လူတွေဟာ စကားလက်ဆုံပြောမယ့်အစား အဓိပ္ပာယ်မရှိတဲ့အကြောင်းတွေကိုပဲ တစ်ခုပြီးတစ်ခု ပို့နေကြတယ်။ “လူတွေဟာ မျက်နှာချင်းဆိုင် မတွေ့ဖြစ်ကြတော့ဘူး။ ကျောင်းသားတွေဆိုရင် တစ်ယောက်ကိုတစ်ယောက် အချိန်ပေးမယ့်အစား ဖုန်းပဲသုံးနေကြတယ်” လို့ စာအုပ်တစ်အုပ် (Artificial Maturity) က ပြောတယ်။
နည်းပညာကြောင့် ခင်မင်ရင်းနှီးနေတယ်လို့ ထင်ရနိုင်တယ်။ ၂၂ နှစ်ရှိပြီဖြစ်တဲ့ ဘရိုင်ယန် * ဒီလိုပြောတယ်– “သူငယ်ချင်းတွေရဲ့ အခြေအနေသိချင်တာနဲ့ ကျွန်တော်ကပဲအစပြုပြီး စာတိုတွေပို့နေတယ်။ ကျွန်တော့်ဘက်ကမစဘဲ ဘယ်သူကများ အစပြုဆက်သွယ်လာမလဲလို့ သိချင်တဲ့အတွက် စာမပို့ဘဲနေလိုက်တယ်။ အစပြုဆက်သွယ်တဲ့သူ မရှိသလောက်ပဲ။ တကယ်တမ်းတော့ ကျွန်တော်ထင်သလို ကျွန်တော့်ကို မခင်ကြဘူး။”
စာတိုပို့တာ၊ လူမှုဆက်သွယ်ရေးမီဒီယာတွေသုံးတာက လူတွေနဲ့အဆက်အသွယ်ရစေပြီး ပိုပြီးခင်မင်ရင်းနှီးလာစေနိုင်တယ် မဟုတ်လား။ ဟုတ်ပါတယ်၊ အထူးသဖြင့် အွန်လိုင်းကနေမဟုတ်ဘဲ အရင်ကတည်းက ရင်းနှီးပြီးသားသူတွေအတွက်ပေါ့။ ဒါပေမဲ့ လူမှုကွန်ရက်မှာပဲ သူငယ်ချင်းဖွဲ့တယ်ဆိုရင်တော့ ခင်မင်မှုတံတား ဆောက်ရုံလောက်ပဲဖြစ်မယ်၊ ရင်းနှီးကျွမ်းဝင်လာမှာတော့ မဟုတ်ဘူး။
လုပ်ဆောင်နိုင်ရာ
မိတ်ဆွေကောင်းဆိုတာ။ “မိတ်ဆွေမူကား ညီအစ်ကိုစွဲကပ်သည်ထက် သာ၍စွဲကပ်တတ်၏” လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ (သုတ္တံ ၁၈:၂၄) အဲဒီလို သူငယ်ချင်းမျိုးကို သင် ရချင်တယ် မဟုတ်လား။ သင်ကိုယ်တိုင်ရော အဲဒီလိုသူငယ်ချင်းမျိုးလား။ အဖြေသိနိုင်အောင် သူငယ်ချင်းတစ်ယောက်မှာ ရှိရမယ်လို့ သင် သတ်မှတ်ထားတဲ့ အရည်အသွေးသုံးခုကို ချရေးပါ။ ကိုယ့်ရဲ့သူငယ်ချင်း အပေါ် သင် တင်ပြနေတဲ့ အရည်အသွေးသုံးခုကို ချရေးပါ။ ပြီးတော့ ဒီလိုမေးကြည့်ပါ– ‘အွန်လိုင်းသူငယ်ချင်းတွေထဲမှာ ဘယ်သူက ငါသတ်မှတ်ထားတဲ့ အရည်အသွေးတွေကို တင်ပြသလဲ။ သူငယ်ချင်းတွေအပေါ် ငါ ဘယ်အရည်အသွေးတင်ပြတယ်လို့ သူတို့ပြောသလဲ။’—ကျမ်းစာအကြံပြုချက်– ဖိလိပ္ပိ ၂:၄။
ပိုအရေးကြီးတာကို သိမြင်ပါ။ ဝါသနာတူတဲ့သူတွေနဲ့ အွန်လိုင်းမှာ မိတ်ဆွေဖွဲ့တတ်ကြတယ်။ ဒါပေမဲ့ ဝါသနာတူတာထက် စံနှုန်းတူဖို့က ပိုအရေးကြီးတယ်။ အသက် ၂၁ နှစ်ရှိသူ လီယန်က “ကျွန်မမှာ သူငယ်ချင်းအများကြီးမရှိရင်တောင် ကျွန်မကို လူကောင်းဖြစ်အောင် ကူညီပေးနိုင်တဲ့ တစ်ယောက်လောက်ရှိရင် တော်ပါပြီ” လို့ ပြောတယ်။—ကျမ်းစာအကြံပြုချက်– သုတ္တံ ၁၃:၂၀။
လူချင်းတွေ့စကားပြောပါ။ မျက်နှာချင်းဆိုင်တွေ့ပြီး စကားပြောတာကအကောင်းဆုံးပဲ။ ဘာဖြစ်လို့လဲဆိုတော့ အသံနေအသံထား၊ မျက်နှာနေမျက်နှာထား၊ ကိုယ်ဟန်အမူအရာတွေကို မြင်တွေ့နိုင်ပြီး ပိုရင်းနှီးစေလို့ပဲ။—ကျမ်းစာအကြံပြုချက်– ၁ သက်သာလောနိတ် ၂:၁၇။
စာရေးပါ။ စာရေးတာက ခေတ်နောက်ကျနေပြီလို့ ထင်ရပေမယ့်လည်း သူငယ်ချင်းကို အပြည့်အဝအာရုံစိုက်တယ်ဆိုတာ သိစေတယ်။ လုပ်စရာများလွန်းတဲ့ ဒီနေ့ခေတ်မှာ အဲဒီလိုအာရုံစိုက်မှုတွေ မရှိသလောက်ပဲ။ ဥပမာ၊ စာရေးဆရာမ ရှယ်ရီ တာကယ်လ်က သူ့ရဲ့စာအုပ် (Alone Together) မှာ အမျိုးသားတစ်ယောက်အကြောင်း ရေးထားတယ်။ အဲဒီအမျိုးသားက သူ့ဘဝမှာ စာတစ်စောင်မှမရဖူးဘူး။ ဟိုးအရင်ကလူတွေ တစ်ယောက်နဲ့တစ်ယောက် စာနဲ့ဆက်သွယ်တဲ့အချိန်အကြောင်းပြောရင်း “အဲဒီအချိန်မှာ ကျွန်တော်မမွေးသေးပေမဲ့ အဲဒီအချိန်ကို တမ်းတတယ်ဗျာ” လို့ ပြောတယ်။ ခေတ်နောက်ကျနေပြီလို့ထင်ရပေမယ့် သူငယ်ချင်းဖွဲ့ရာမှာ ဒီနည်းကို သုံးကြည့်ပါ။
အဓိကအချက်။ သူငယ်ချင်းကောင်းတွေဆိုတာ တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ်ရှိရုံလောက်ပဲ မဟုတ်ဘူး။ မေတ္တာ၊ ထောက်ထားစာနာမှု၊ စိတ်ရှည်မှု နဲ့ ခွင့်လွှတ်မှု အပြန်အလှန်တင်ပြဖို့ လိုတယ်။ အဲဒီအရည်အသွေးတွေက တည်မြဲတဲ့မိတ်ဆွေကောင်းတွေ ဖြစ်စေတယ်။ အွန်လိုင်းမှာပဲသူငယ်ချင်းဖွဲ့ရင်တော့ ဒီအရည်အသွေးတွေ တင်ပြနိုင်မှာမဟုတ်ဘူး။
^ စာပိုဒ်၊ 8 ဒီဆောင်းပါးမှာ နာမည်တချို့ကို ပြောင်းထားပါတယ်။