ဘာကြောင့် သမ္မာကျမ်းစာစံနှုန်းတွေအတိုင်း နေထိုင်ရသလဲ
လူငယ်များအမေး . . .
ဘာကြောင့် သမ္မာကျမ်းစာစံနှုန်းတွေအတိုင်း နေထိုင်ရသလဲ
သင်သည် ကျောင်းစားသောက်ဆိုင်တွင် အခြားမိန်းကလေးနှစ်ဦးနှင့်အတူ နေ့လယ်စာစားနေသည်။ သူတို့ထဲမှ တစ်ဦးက ကျောင်းသားအသစ်တစ်ဦးကို စိုက်ကြည့်နေသည်။
ပထမမိန်းကလေးက “သူ နင့်ကို တကယ်ကြိုက်နေတာ၊ သိလား။ နင့်ကို ရွှန်းရွှန်းစားစားကြည့်နေလိုက်တာ၊ သူ့အကြည့်တွေက နင့်ပေါ်မှာပဲ ဝဲနေတယ်” ဟူ၍ သင့်အားပြောသည်။
ဒုတိယမိန်းကလေးက သင့်အနားသို့ကပ်ကာ လေသံဖြင့် “ကြည့်ရတာ သူ့မှာ ရည်းစားမရှိသေးဘူး” ဟုဆို၏။
ပထမမိန်းကလေးက “ငါ့မှာ ရည်းစားရှိနေတာ ဆိုးတာပဲ။ သူနဲ့တွဲဖို့ဆိုရင် ငါတစ်ချက်ကလေးတောင် စဉ်းစားနေမှာ မဟုတ်ဘူး” ဟုဆိုသည်။
ထို့နောက် ပထမမိန်းကလေးက သင်မကြားချင်ဆုံးစကားကို ပြောလှာသည်။
“နင် ဘာဖြစ်လို့ ရည်းစားမထားတာလဲ။”
ထိုသို့ပြောတော့မည်ဆိုသည်ကို သင်သိသည်။ အမှန်မှာ သင်လည်း ရည်းစားထားချင်နေသည်။ သို့သော် လက်ထပ်ရန်အသင့်ဖြစ်မှ ချိန်းတွေ့ ခြင်းသည် အကောင်းဆုံးဖြစ်၏ဟု သင့်အား ပြောထားသည်။ ထိုသို့ ဖြစ်ရခြင်းမှာ . . .
“နင်ကိုးကွယ်တဲ့ဘာသာကြောင့် မဟုတ်လား” ဟု ဒုတိယ မိန်းကလေးက ဆိုသည်။
‘ငါဘာတွေစဉ်းစားနေတယ်ဆိုတာ သူသိနေလို့လား’ ဟု သင်တွေးမိသည်။
“နင်က တစ်ချိန်လုံး ကျမ်းစာ၊ ကျမ်းစာ၊ ကျမ်းစာလို့ပဲ ပြောနေတယ်။ နင့်မှာ တစ်ခါတလေလေးတောင် ပျော်ပျော် နေလို့မရဘူးလား” ဟုပထမမိန်းကလေးက သင့်အား မခံချိ မခံသာဖြစ်အောင်ပြောသည်။
သင်သည် သမ္မာကျမ်းစာစံနှုန်းအတိုင်း နေထိုင်ရန်ကြိုးစားသောကြောင့် ပြောင်လှောင်ခံရဖူးပါသလော။ သင်မည်သို့ တုံ့ပြန်သနည်း။
▪ ကိုယ်ကျင့်တရားနှင့်ပတ်သက်သော သင့်ယုံကြည်ချက်ကို ရဲရင့်စွာ ကာကွယ်ပါ
▪ ကသိကအောက်နိုင်သော်လည်း သင့်ယုံကြည်ချက်အကြောင်း ကိုအတတ်နိုင်ဆုံး ရှင်းပြပါ
▪ သင်၌ ပျော်စရာမရှိဟူသော ကျောင်းမှသူငယ်ချင်းများ၏ အဆို မှန်မမှန် ဆုံးဖြတ်ပါ
‘တကယ်ပဲ သမ္မာကျမ်းစာစံနှုန်းတွေအတိုင်း နေထိုင်သင့်လို့လား’ ဟုသင်တွေးတောဖူးပါသလော။ ဒေဗောရအမည်ရှိ ငယ်ရွယ်သူတစ်ဦး ထိုအကြောင်းတွေးတောခဲ့ဖူးသည်။ * “ကျွန်မနဲ့ သက်တူရွယ်တူတွေဟာ သူတို့လုပ်ချင်တာကို လုပ်လို့ရတယ်။ သူတို့ကို မေးခွန်းထုတ်မယ့်သူမရှိသလိုပဲ။ သမ္မာကျမ်းစာစံနှုန်းတွေက တင်းကျပ်တယ်လို့ ခံစားရတယ်။ ကျောင်းကသူငယ်ချင်းတွေရဲ့ အနှောင်အဖွဲ့ကင်းတဲ့ဘဝပုံစံကို ကျွန်မအားကျမိတယ်” ဟုပြောသည်။
ယင်းသို့တွေးခြင်းသည် မှားသလော
ကျမ်းရေးသူအာသပ်သည် သူ့ဘဝအသက်တာ၏ အချိန်တစ်ချိန်တွင် ဘုရားသခင်နှစ်သက်သောလမ်းစဉ်အတိုင်း နေထိုင်ခြင်းက အကျိုးနပ်၏လောဟု စဉ်းစားခဲ့ဖူးသည်။ “မတရားသောသူတို့၏စည်းစိမ်ကို မြင်သောအခါ မိုက်သောသူတို့ကိုပင် ငါငြူစူမိပြီ” ဟုသူရေးခဲ့၏။ “အကယ်စင်စစ် ငါ့နှလုံးကို ငါသန့်ရှင်းစေသော်လည်း အကျိုးမရှိ။ အပြစ်ကင်းခြင်းဆာလံ ၇၃:၃၊ ၁၃။
နှင့် ငါ့လက်ကို ဆေးကြောသော်လည်း အကျိုးမရှိ” ဟုပင်ပြောခဲ့သည်။—တစ်ခါတစ်ရံ လူတို့သည် ကိုယ်တော့်စံနှုန်းများအတိုင်း နေထိုင်ခြင်း၏တန်ဖိုးနှင့်ပတ်သက်၍ မေးခွန်းထုတ်သည်ကို ယေဟောဝါဘုရားသခင် နားလည်တော်မူကြောင်း ထင်ရှားသည်။ အကြောင်းမှာ အာသပ်၏စဉ်းစားတွေးတောပုံကို သမ္မာကျမ်းစာတွင် မှတ်တမ်းတင်စေခဲ့၍ဖြစ်သည်။ အဆုံးတွင် ဘုရားသခင့်ပညတ်များနှင့်အညီ နေထိုင်ခြင်းကသာလျှင် အကောင်းဆုံးဘဝလမ်းစဉ်ဖြစ်သည်ဟု အာသပ်ဆုံးဖြတ်ခဲ့၏။ (ဆာလံ ၇၃:၂၈) သူ အဘယ်ကြောင့် ထိုသို့ကောက်ချက်ချခဲ့သနည်း။ အာသပ်သည် အမှန်ပင် ပညာရှိ၏။ ဘေးဆိုးများကို ကိုယ်တိုင်ခံစားခဲ့ရ၍မဟုတ်ဘဲ အခြားသူတို့၏အမှားများမှ သင်ခန်းစာယူခဲ့သောကြောင့် သူ ထိုသို့ဆုံးဖြတ်ခဲ့သည်။ (ဆာလံ ၇၃:၁၆-၁၉) သင်လည်း ထိုသို့ လုပ်နိုင်သလော။
ဖြစ်ရပ်မှန်မှ သင်ယူခြင်း
ဘုရင်ဒါဝိဒ်သည် အာသပ်နှင့်မတူဘဲ ဘုရားသခင့်စံနှုန်းများကို အလေးမထားသူသည် ကိုယ်ကျိုးနည်းရကြောင်းကို ခါးသီးသောအတွေ့အကြုံမှ သင်ယူခဲ့ရသည်။ ဒါဝိဒ်သည် သူ့အမှုထမ်းတစ်ဦး၏မယားနှင့် မှားယွင်းခဲ့ပြီး ယင်းအပြစ်ကို ဖုံးဖိရန်ကြိုးစားခဲ့သည်။ ရလဒ်အနေနှင့် ဘုရားသခင်အပါအဝင် အခြားသူများအား ထိခိုက်စေခဲ့ပြီး ဝမ်းနည်းပူဆွေးမှုများကို အလူးအလိမ့်ခံစားခဲ့ရသည်။ (၂ ဓမ္မရာဇဝင် ၁၁:၁–၁၂:၂၃) ဒါဝိဒ်နောင်တရပြီးနောက် သူ၏ခံစားချက်ကို သီချင်းအဖြစ်စပ်ဆိုရန် ယေဟောဝါမှုတ်သွင်းခဲ့ပြီး ယင်းတို့ကို ကျွန်ုပ်တို့၏အကျိုးအတွက် သမ္မာကျမ်းစာတွင် ထိန်းသိမ်းထားစေခဲ့သည်။ (ဆာလံ ၅၁:၁-၁၉; ရောမ ၁၅:၄) ထို့ကြောင့် အခြားသူများ၏အမှားများမှ သင်ခန်းစာယူခြင်းသည် ပညာရှိရာကျပြီး သမ္မာကျမ်းစာနှင့်လည်း ကိုက်ညီပါသည်။
အာသပ်၏ပုံသက်သေကို လိုက်လျှောက်ရာတွင်နှင့် ဒါဝိဒ်၏အမှားမျိုးကို ရှောင်ရှားရာတွင် သင့်အတွက် အထောက်အကူဖြစ်စေရန် သမ္မာကျမ်းစာစံနှုန်းများကို ခေတ္တမျှလျစ်လျူရှုခဲ့ကြသော နိုင်ငံအသီးသီးမှ လူငယ်အချို့၏ပြောပြချက်များကို သုံးသပ်ကြည့်ပါ။ အထူးသဖြင့် သူတို့သည် လက်မထပ်မီ လိင်မှုကိစ္စကျူးလွန်ခဲ့သူများဖြစ်ကြသည်။ သူတို့သည် ဒါဝိဒ်ကဲ့သို့ပင် အမှားများအတွက် နောင်တရခဲ့ကြပြီး ဘုရားသခင်ရှေ့ စင်ကြယ်သောအနေအထားကို ပြန်လည်ရရှိခဲ့ကြသည်။ (ဟေရှာယ ၁:၁၈; ၅၅:၇) သူတို့ပြောဆိုရာများကို သုံးသပ်ကြည့်ပါ။
နိုးလော့!– ခင်ဗျားရဲ့စဉ်းစားတွေးခေါ်မှုနဲ့ လုပ်ဆောင်မှုတွေကို ဘယ်အရာတွေက လွှမ်းမိုးခဲ့သလဲ။
ဒေဗောရ– “ကျောင်းမှာရှိတဲ့ ကျောင်းသူကျောင်းသားတိုင်းမှာ ရည်းစားတွေရှိကြပြီး သူတို့တွေဟာ ပျော်ရွှင်နေပုံပေါက်တယ်။ ကျွန်မ သူတို့နဲ့အတူရှိနေတဲ့အခါတွေမှာ သူတို့အချင်းချင်းဖက်ပြီး နမ်းနေတာကိုတွေ့တော့ ကျွန်မ မနာလိုဖြစ်လာပြီး အထီးကျန်သလို ခံစားရတယ်။ မကြာခဏပဲ ကျွန်မဟာ ကျွန်မကြိုက်နေတဲ့ ကောင်လေးတစ်ယောက်နဲ့ အတူရှိနေတယ်လို့ အချိန်အကြာကြီး စိတ်ကူးယဉ်ခဲ့တယ်။ အဲဒီလိုလုပ်တာက သူနဲ့အတူရှိနေချင်တဲ့ဆန္ဒနဲ့ အဲဒီဆန္ဒကိုဖြည့်ဆည်းဖို့ ဘာမဆိုလုပ်လိုတဲ့စိတ်ကို ပိုပြင်းပြစေတယ်။”
မိုက်– “လိင်ကိုအမွှမ်းတင်ထားတဲ့ စာပေတွေကို ကျွန်တော် ဖတ်ပြီး တီဗွီအစီအစဉ်တွေကို ကြည့်ခဲ့တယ်။ သူငယ်ချင်းတွေနဲ့ လိင်အကြောင်းပြောဆိုတဲ့အခါ ကျွန်တော့်ရဲ့စပ်စုချင်စိတ်က ပိုပြင်းပြလာတယ်။ နောက်တော့ မိန်းကလေးနဲ့နှစ်ယောက်တည်း အတူရှိနေတဲ့အခါ လိင်ကိစ္စမပါဘဲ ကိုယ်ခန္ဓာချင်းရင်းနှီးနိုင်ပြီး ကိုယ့်ကိုယ်ကို ထိန်းနိုင်တယ်လို့ ထင်ခဲ့တယ်။”
အင်ဒရူး– “အင်တာနက်ထဲက အပြာရုပ်ပုံတွေကို ကျွန်တော်ကြည့်လေ့ရှိတယ်။ အရက်ကို တရားလွန် စသောက်တယ်။ ပြီးတော့ သမ္မာကျမ်းစာမှာပါတဲ့ ကိုယ်ကျင့်တရားစံနှုန်းတွေကို တန်ဖိုးမထားတဲ့ လူငယ်တွေနဲ့ ပါတီပွဲတွေတက်ခဲ့တယ်။”
ထရေစီ– “ကျွန်မအသက် ၁၆ နှစ်အရွယ်တုန်းက ကျွန်မရည်းစားနဲ့အတူရှိနေဖို့ကသာ အရေးကြီးဆုံးဖြစ်တယ်။ လက်မထပ်ခင်မှာ လိင်မှုပြုတာ မှားတယ်ဆိုတာ ကျွန်မသိပေမဲ့ အဲဒါကို ကျွန်မ မမုန်းခဲ့ဘူး။ လက်မထပ်ခင်မှာ လိင်မှုပြုဖို့ စိတ်မကူးခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်မရဲ့စိတ်လှုပ်ရှားမှုက ကျွန်မရဲ့စိတ်ကူးကို အနိုင်ယူသွားတယ်။ တစ်ခဏအတွင်းမှာပဲ ကျွန်မရဲ့ကိုယ်ကိုကိုယ်သိတဲ့စိတ်က အပြစ်တွေနဲ့ပတ်သက်လို့ ထုံသွားတယ်။
နိုးလော့!– ခင်ဗျားရဲ့ဘဝပုံစံက ခင်ဗျားကို ပျော်ရွှင်စေခဲ့သလား။
ဒေဗောရ– “ပထမတော့ ကျွန်မ လွတ်လပ်တယ်လို့ ခံစားရပြီး သူငယ်ချင်းတွေနဲ့ အံဝင်ခွင်ကျဖြစ်သွားလို့ အရမ်းပျော်ခဲ့တယ်။ ဒါပေမဲ့ ဒီခံစားချက်က ကြာရှည်မခံပါဘူး။ ဒါတွေဟာ မသန့်ရှင်းဘူး၊ အပြစ်မကင်းဘူး၊ အနှစ်သာရမရှိဘူးလို့ စပြီးခံစားလာရတယ်။ ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့ ကျွန်မရဲ့အပျိုစင်ဘဝကို စွန့်လွှတ်လိုက်ရပြီဆိုပြီး အရမ်းနောင်တရခဲ့တယ်။ အဲဒီအချိန်ကစပြီး ‘အကျိုးဆက်တွေကို ခံရမှာမဟုတ်ဘူးလို့ပြောရအောင် ငါက ဘာမို့လို့လဲ။’ ‘ဘာကြောင့်လဲ—ငါ ဘာကြောင့် ယေဟောဝါရဲ့ မေတ္တာပါတဲ့စံနှုန်းတွေကို လျစ်လျူရှုခဲ့တာလဲ’ လို့ကိုယ့်ကိုယ်ကို မကြာခဏမေးမိတယ်။”
မိုက်– “ငါ့ဘဝတော့ ဆုံးပြီလို့ ခံစားလိုက်ရတယ်။ ကျွန်တော့်ကြောင့် တခြားသူတွေ ထိခိုက်ခံရတာကို လျစ်လျူရှုဖို့ ကြိုးစားခဲ့ပေမဲ့ မရဘူး။ ကိုယ့်ပျော်ရွှင်မှုကိုရှာတာက တခြားသူကို ထိခိုက်တယ်ဆိုတာသိရလို့ စိတ်နာကျင်ခဲ့တယ်။ ကျွန်တော်အိပ်လို့မရဘူး။ တဖြည်းဖြည်းနဲ့ အကျင့်ယိုယွင်း
ခြင်းရဲ့သာယာမှုက မှေးမှိန်လာပြီး ကျွန်တော့်အတွေးထဲမှာ နာကျင်မှုနဲ့ ရှက်ရွံ့မှုတွေပဲ လွှမ်းမိုးလာတယ်။အင်ဒရူး– “မှားယွင်းတဲ့စိတ်ဆန္ဒနောက်လိုက်ဖို့ ပိုပိုလွယ်လာတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ အပြစ်ရှိတယ်ဆိုတဲ့ ခံစားချက်ဝင်လာပြီး ကိုယ့်ကိုယ်ကို မကျေမနပ်ဖြစ်လာတယ်။”
ထရေစီ– “မကြာခင်မှာပဲ မနှစ်မြို့ဖွယ်အဖြစ်မှန်ကို ကျွန်မ ရင်ဆိုင်ရတော့တယ်။ အကျင့်ယိုယွင်းမှုက ကျွန်မရဲ့ ပျိုမျစ်နုနယ်မှုကို ဖျက်ဆီးလိုက်တယ်။ ကျွန်မနဲ့ ကျွန်မရည်းစား ပျော်ရွှင်မှုခံစားရမယ်လို့ ကျွန်မထင်ခဲ့တယ်။ ကျွန်မတို့ မခံစားခဲ့ရပါဘူး။ တစ်ဦးကိုတစ်ဦး နာကျင်အောင်၊ ဝမ်းနည်းအောင်၊ ကြေကွဲအောင်လုပ်ပြီး လမ်းခွဲခဲ့ကြတယ်။ ယေဟောဝါရဲ့ နည်းလမ်းတော်အတိုင်း နေထိုင်ခဲ့ရင်အကောင်းသားဆိုပြီး ညစဉ်ညတိုင်း အိပ်ရာထဲမှာ ငိုကြွေးခဲ့ရတယ်။”
နိုးလော့!– သမ္မာကျမ်းစာမှာပါတဲ့ ကိုယ်ကျင့်တရားစံနှုန်းတွေက တင်းကျပ်တယ်လို့ထင်တဲ့ လူငယ်တွေကို ခင်ဗျား ဘာအကြံပေးချင်ပါသလဲ။
ဒေဗောရ– “သမ္မာကျမ်းစာစံနှုန်းတွေကို လျစ်လျူရှုသူရဲ့ဘဝဟာ ဘယ်တော့မှ သာယာမှာမဟုတ်ပါဘူး။ သင်သာ ယေဟောဝါရဲ့အကြံပေးချက်တွေကို လိုက်နာမယ်ဆိုရင် ကိုယ်တော်ဘယ်လောက်ပျော်လိုက်မလဲဆိုတာ စဉ်းစားကြည့်ပါ။ ကိုယ်တော့်သွန်သင်ချက်တွေကို လျစ်လျူရှုလိုက်လို့ ခံစားရမယ့် ဆိုးကျိုးတွေကို ထည့်စဉ်းစားပါ။ သင့်လုပ်ရပ်တွေက သင်နဲ့ သင့်လိုအင်ဆန္ဒတွေကိုသာမကဘဲ တခြားသူတွေအပေါ်လည်း အကျိုးသက်ရောက်တယ်ဆိုတာ သတိရပါ။ ပြီးတော့ ဘုရားသခင့်အကြံပေးချက်တွေကို လျစ်လျူရှုမယ်ဆိုရင် သင်ပဲ ပျက်စီးလိမ့်မယ်။
မိုက်– “သင့်ရွယ်တူတွေရဲ့ ဘဝပုံစံက အပေါ်ယံကြည့်ရင်တော့ အားကျစရာကောင်းပုံပေါက်တယ်။ ဒါပေမဲ့ သင်မလုပ်ဆောင်ခင်မှာ အတွင်းကျကျ ကြည့်မြင်ပါ။ သင့်ကို ယေဟောဝါပေးအပ်ထားတဲ့ တန်ဖိုးအရှိဆုံးလက်ဆောင်တွေထဲမှာ သင့်ဂုဏ်သိက္ခာနဲ့ ဖြူစင်မှုလည်း ပါတယ်။ ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်တာကြောင့် ဒီလက်ဆောင်တွေကို ပစ်ပယ်လိုက်တာက သင့်ကိုသင် အပေါစားစာရင်းထဲ သွင်းလိုက်တာပဲ။ သင့်မိဘနဲ့ တခြားရင့်ကျက်သူတွေကို သင့်ပြဿနာတွေအကြောင်း ပြောပြပါ။ သင်အမှားလုပ်မိပြီဆိုရင် ပွင့်ပွင့်လင်းလင်းပြောပြပြီး ပြုပြင်လိုက်ပါ။ သင်ဟာ ကိစ္စရပ်တွေကို ယေဟောဝါရဲ့ နည်းလမ်းတော်အတိုင်း လုပ်ဆောင်မယ်ဆိုရင် စစ်မှန်တဲ့ငြိမ်သက်မှုရဲ့အရသာကို ခံစားရပါလိမ့်မယ်။”
အင်ဒရူး– “သင့်မှာအတွေ့အကြုံမရှိတော့ သင့်အပေါင်းအသင်းတွေရဲ့ ဘဝပုံစံဟာ ပျော်စရာကောင်းတယ်လို့ သင်ထင်မယ်။ သူတို့ရဲ့သဘောထားတွေက သင့်ကို လွှမ်းမိုးလာမယ်။ ဒါကြောင့် အပေါင်းအသင်းကို ပညာရှိရှိ ရွေးချယ်ပါ။ ယေဟောဝါကို ယုံကြည်ကိုးစားပါ၊ ဒါဆိုရင် နောင်တရစရာအကြောင်းတွေကို သင်ရှောင်နိုင်ပါလိမ့်မယ်။”
ထရေစီ– “‘ငါဘယ်တော့မှ အဲဒီလိုဖြစ်မှာမဟုတ်ဘူး’ လို့ မထင်ပါနဲ့။ ကျွန်မရဲ့လုပ်ရပ်တွေဟာ နာကျင်မှုနဲ့အဆုံးသတ်ရလိမ့်မယ်လို့ အမေက ကျွန်မကို သေသေချာချာပြောပြခဲ့တယ်။ ကျွန်မ မထီမဲ့မြင်ပြုခဲ့တယ်။ ကျွန်မက ပိုသိတယ်လို့ ထင်ခဲ့တယ်။ တကယ်တော့မဟုတ်ဘူး။ ယေဟောဝါရဲ့စံနှုန်းတွေနဲ့အညီနေထိုင်ပြီး အဲဒီလိုနေထိုင်တဲ့လူတွေနဲ့ ပေါင်းသင်းပါ။ သင်ပိုပြီး ပျော်ရွှင်ပါလိမ့်မယ်။”
သမ္မာကျမ်းစာစံနှုန်းများသည် လက်ထိတ်လော၊ ထိုင်ခုံခါးပတ်လော
သင့်အပေါင်းအသင်းများက သင် သမ္မာကျမ်းစာစံနှုန်းများအတိုင်း နေထိုင်ရန်ကြိုးစားသောကြောင့် သင့်အား ပြောင်လှောင်ပါက သင့်ကိုသင် ဤသို့မေးပါ– သူတို့ဘာကြောင် သမ္မာကျမ်းစာရဲ့ ကိုယ်ကျင့်တရားဆိုင်ရာ စည်းမျဉ်းအတိုင်း မနေထိုင်တာလဲ။ သမ္မာကျမ်းစာကို ကိုယ်တိုင်ဖတ်ပြီး ဘုရားသခင့်ပညတ်တော်တွေကို နာခံလိုက်လျှောက်ခြင်းရဲ့အကျိုးကျေးဇူးတွေကို သူတို့ စူးစမ်းလေ့လာကြသလား။ ဒီစံနှုန်းတွေကို လျစ်လျူရှုတဲ့အတွက် ခံစားရမယ့်ဆိုးကျိုးတွေကို သူတို့အလေးအနက်ထား စဉ်းစားသလား။ ဒါမှမဟုတ် တခြားသူတွေလုပ်သလိုပဲ လိုက်လုပ်ကြသလား။
“လူများနောက်သို့လိုက်” သောသူတို့ကို သင်သိပေမည်။ (ထွက်မြောက်ရာ ၂၃:၂) ထိုထက်ကောင်းအောင် သင်လုပ်လိုသည်မဟုတ်လော။ သင် မည်သို့လုပ်နိုင်မည်နည်း။ “ကောင်းမြတ်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင်အလိုတော်ရှိသောအရာသည် အဘယ်အရာဖြစ်သည်ကို သင်” ယူပါဟူသော သမ္မာကျမ်းစာအကြံပြုချက်များကို လိုက်လျှောက်ခြင်းဖြင့်ဖြစ်သည်။ (ရောမ ၁၂:၂) ယေဟောဝါသည် “ပျော်ရွှင်သောဘုရားသခင်” ဖြစ်သောကြောင့် သင့်ကိုလည်း ကိုယ်တော် ပျော်ရွှင်စေလိုပါသည်။ (၁ တိမောသေ ၁:၁၁၊ ကဘ; ဒေ. ၁၁:၉) သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ထားသော စံနှုန်းများသည် သင့်အကျိုးအတွက်ဖြစ်သည်။ သင့်လွတ်လပ်မှုကို ကန့်သတ်ထားသော လက်ထိတ်အဖြစ် ယင်းတို့ကို သင် ရှုမြင်နိုင်ပါသည်။ သို့သော် အဖြစ်မှန်မှာ သမ္မာကျမ်းစာပါ ကိုယ်ကျင့်တရားဆိုင်ရာစည်းမျဉ်းများသည် ခရီးသည်များကို အန္တရာယ်မှကာကွယ်ပေးသော ထိုင်ခုံခါးပတ်နှင့် ပို၍တူပါသည်။
သမ္မာကျမ်းစာကို သင် အမှန်ပင် ယုံကြည်စိတ်ချနိုင်ပါသည်။ ယင်းစံနှုန်းများအတိုင်း သင်နေထိုင်ရန် ရွေးချယ်ပါက ယေဟောဝါအား ပျော်ရွှင်စေသည်သာမက သင်ကိုယ်တိုင်လည်း အကျိုးရရှိပေမည်။—ဟေရှာယ ၄၈:၁၇။
“လူငယ်များအမေး . . .” အခန်းဆက်များမှ ထပ်ဆင့် ဆောင်းပါးများကို www.watchtower.org/ype ဝက်ဘ်ဆိုက်တွင် တွေ့နိုင်ပါသည်
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 17 ဤဆောင်းပါးမှအမည်များကို ပြောင်းထားသည်။
ချင့်တွေးစရာ
▪ သမ္မာကျမ်းစာစံနှုန်းများအတိုင်းနေထိုင်ရန် အဘယ်အရာက သင့်အား အခက်တွေ့စေနိုင်သနည်း။
▪ ဘုရားသခင့်စံနှုန်းများအတိုင်း နေထိုင်ခြင်းသည် အကောင်းဆုံး ဘဝလမ်းစဉ်ဖြစ်ကြောင်း အဘယ်ကြောင့် သင်ကိုယ်တိုင် သိအောင်ပြုဖို့လိုသနည်း။