မျက်နှာဖုံးအကြောင်းအရာ
ဘဝအခြေအနေတိုးတက်ကောင်းမွန်ဖို့ ရှာဖွေခြင်း
ဘဝအခြေအနေတိုးတက်ကောင်းမွန်ဖို့ ရှာဖွေခြင်း
မိသားစုကို ဝဝလင်လင်ရှာမကျွေးနိုင်လို့ ဂျော့ခ်ျ တစ်ယောက် စိတ်ပျက်အားငယ်နေတယ်။ အိမ်နီးချင်းတွေကလည်း ဖျားကြနာကြ၊ တချို့ဆိုရင် စားစရာမရှိဖြစ်နေကြပုံရတယ်။ ဒါပေမဲ့ တောင်ဘက်က အိမ်နီးချင်းနိုင်ငံမှာတော့ အခြေအနေကောင်းကြတယ်ဆိုတာ သူသိထားတယ်။ ‘အဲဒီကိုပြောင်းရွှေ့သွားမယ်၊ အလုပ်တစ်ခုရှာမယ်၊ နောက်ပိုင်းမိသားစုကို ခေါ်မယ်’ လို့သူ စဉ်းစားခဲ့တယ်။
နိုင်ငံရပ်ခြားမှာ ဘဝသစ်စဖို့ ပက်ထရီရှာ စိတ်ကူးယဉ်ခဲ့တယ်။ သူ့နိုင်ငံမှာ အလုပ်မရှိ၊ တိုးတက်ဖို့ ဘာအခွင့်အလမ်းမှလည်းမရှိဘူး။ သူဟာ နိုင်ဂျီးရီးယားကနေ အယ်လ်ဂျီးရီးယားကိုသွား၊ အဲဒီကနေတစ်ဆင့် စပိန်ကိုသွားဖို့ ဆုံးဖြတ်ခဲ့တယ်။ ဆာဟာရသဲကန္တာရကို ဖြတ်ရတဲ့ ခရီးကဘယ်လောက်ကြမ်းတမ်းသလဲဆိုတာကိုတော့ သူ မသိဘူး။ “ကျွန်မမှာ ကိုယ်ဝန်ရှိနေတယ်။ ကလေး ဘဝ ကောင်းစားစေချင်တယ်” လို့ သူပြောတယ်။
ရေချယ်က စီးပွားရေးအဆင်ပြေဖို့ ဥရောပမှာ အလုပ်သွားလုပ်ချင်တယ်။ ဖိလစ်ပိုင်မှာ သူအလုပ်လက်မဲ့ဖြစ်သွားပြီး သူ့ဆွေမျိုးတွေကလည်း ဥရောပမှာ သူ့အတွက် အိမ်ဖော်အလုပ် လွယ်လွယ်ကူကူ ရနိုင်မယ်လို့ အားပေးကြတယ်။ ဒါကြောင့် လေယာဉ်ခအတွက် ငွေချေး၊ ခင်ပွန်းနဲ့သမီးငယ်ကို “အကြာကြီးခွဲရမှာ မဟုတ်ပါဘူး” လို့ကတိပေးပြီး နှုတ်ဆက်ထွက်ခွာခဲ့တယ်။
မကြာသေးမီဆယ်စုနှစ်တွေမှာ ဂျော့ခ်ျ၊ ပက်ထရီရှာ၊ ရေချယ်တို့လို နိုင်ငံရပ်ခြားကို ပြောင်းရွှေ့သူ ခန့်မှန်းခြေသန်း ၂၀၀ ကျော်ရှိတယ်။ တချို့သူတွေက စစ်ကြောင့်၊ သဘာဝဘေးအန္တရာယ်တွေကြောင့်၊ မတရားဖိနှိပ်ခံရမှုကြောင့် ပြောင်းရွှေ့ရတာဖြစ်ပေမဲ့ အများစုကတော့ စီးပွားရေးအခြေအနေကြောင့် ပြောင်းရွှေ့တာဖြစ်တယ်။ နယ်မြေသစ်မှာ ဘယ်လိုအခက်အခဲတွေကို သူတို့ရင်ဆိုင်ကြုံတွေ့ရသလဲ။ ပိုကောင်းတဲ့အသက်တာကို သူတို့အားလုံး ရကြသလား။ မိဘက ဝင်ငွေကောင်းကောင်းရဖို့ တိုင်းတစ်ပါးထွက်သွားတဲ့အခါ ကျန်ခဲ့တဲ့ ကလေးတွေရဲ့အခြေအနေ ဘယ်လိုရှိသလဲ။ ဒီမေးခွန်းတွေရဲ့အဖြေကို သုံးသပ်ကြည့်ပါ။
နယ်မြေသစ်ကို ရောက်ရှိဖို့နဲ့ အခြေကျဖို့ ကြိုးစားခြင်း
နိုင်ငံရပ်ခြားကိုပြောင်းရွှေ့ရာမှာ ကြုံရတဲ့အခက်အခဲက လမ်းခရီးမှာတင် စတင်တယ်။ ရှေ့ဆောင်းပါးမှာဖော်ပြခဲ့တဲ့ ဂျော့်ခ်ျက အစားအစာနည်းနည်းလေးနဲ့ မိုင်ရာနဲ့ချီခရီးဆက်ခဲ့ရတယ်။ “လမ်းခရီးကတော့ တကယ့်အိပ်မက်ဆိုးပဲ” လို့ သူပြန်ပြောပြတယ်။ နိုင်ငံရပ်ခြားကို ပြောင်းရွှေ့သူများစွာဟာ သူတို့ပန်းတိုင်ထားတဲ့ နိုင်ငံကို ရောက်တောင်မရောက်လိုက်ကြဘူး။
ပက်ထရီရှာရဲ့ပန်းတိုင်က စပိန်ကို ရောက်ဖို့ဖြစ်တယ်။ သူဟာ အမိုးမပါတဲ့ ထရပ်ကားနဲ့ ဆာဟာရသဲကန္တာရကို ဖြတ်ခဲ့ရတယ်။ “နိုင်ဂျီးရီးယားကနေ အယ်လ်ဂျီးရီးယားကို ရောက်ဖို့ တစ်ပတ်ကြာတယ်။ ထရပ်ကားပေါ်မှာ လူ ၂၅ ယောက် ကျပ်ညှပ်နေတာပဲ။ လမ်းသွားရင်း လူသေကောင်တွေ၊ ဘယ်သွားလို့ ဘယ်လာရမှန်းမသိဘဲ ကန္တာရထဲမှာ ယောင်လည်လည်နဲ့ သေနေ့ကို စောင့်နေတဲ့သူတွေကို တွေ့ခဲ့ရတယ်။ တချို့ထရပ်ကားမောင်းတဲ့သူတွေက အဲဒီခရီးသည်တွေကို အကြင်နာမဲ့စွာ လမ်းပေါ်မှာပဲ ချထားခဲ့ပုံရတယ်။”
ဂျော့ခ်ျ၊ ပက်ထရီရှာတို့နဲ့မတူဘဲ ရေချယ်ဟာ အိမ်ဖော်အလုပ်လုပ်ဖို့ ဥရောပကိုသွားမယ့် လေယာဉ်လက်မှတ်ကို ဝယ်နိုင်ခဲ့တယ်။ ဒါပေမဲ့ သူ့ရဲ့ နှစ်,နှစ်အရွယ်သမီးလေးကို အရမ်းသတိရမယ်ဆိုတာ သူလုံးဝမစဉ်းစားခဲ့မိဘူး။ “ကလေးငယ်လေးတွေကို ပြုစုယုယနေတဲ့ မိခင်တွေကိုတွေ့တိုင်း အရမ်းဝမ်းနည်းခဲ့တယ်” လို့ သူပြန်ပြောပြတယ်။
ဂျော့ခ်ျဟာ နိုင်ငံအသစ်မှာ နေသားကျအောင် မနည်းကြိုးစားရတယ်။ လအတော်ကြာမှ အိမ်ကို ငွေပြန်ပို့နိုင်ခဲ့တယ်။ “အထီးကျန်၊ စိတ်ပျက်အားငယ်တာကြောင့် ငိုခဲ့ရတဲ့ညတွေ မနည်းဘူး” လို့ သူဝန်ခံတယ်။
ပက်ထရီရှာဟာ အယ်လ်ဂျီးရီးယားမှာ လအတော်ကြာနေပြီးနောက်မှ မော်ရိုကိုနယ်စပ်ကို ရောက်လာတယ်။ “အဲဒီမှာ သမီးလေးကို မွေးခဲ့တယ်။ ပြောင်းရွှေ့လာတဲ့ အမျိုးသမီးတွေကို ဖြားယောင်းသွေးဆောင်ပြီး အတင်းအကျပ်ပြည့်တန်ဆာ လုပ်ခိုင်းတဲ့ လူကုန်ကူးတဲ့သူတွေရန်ကနေလည်း ပုန်းရှောင်ခဲ့ရတယ်။ နောက်ဆုံးတော့ အန္တရာယ်ရှိတဲ့ ပင်လယ်ကို ဖြတ်ကူးပြီး စပိန်ကိုသွားဖို့ ပိုက်ဆံပြည့်သွားတယ်။ စက်လှေကအခြေအနေတော်တော်ဆိုးတယ်။ ခရီးသည်တွေပြည့်ကျပ်နေပြီး လိုအပ်တဲ့ပစ္စည်းအပြည့်အစုံလည်းမပါဘူး။ လှေထဲကရေတွေကို ဖိနပ်တွေနဲ့ ပက်ထုတ်ခဲ့ရတယ်။ စပိန်ကမ်းခြေကို လှေကပ်တဲ့အခါ ကုန်းပေါ်တက်ဖို့ အားတောင်မရှိတော့ဘူး။”
တိုင်းတစ်ပါးကို ပြောင်းရွှေ့ဖို့ စဉ်းစားတဲ့သူတွေဟာ လမ်းခရီးမှာ ရင်ဆိုင်ရနိုင်တဲ့ အခက်အခဲတွေအပြင် တခြားအခက်အခဲတွေကိုလည်း ထည့်စဉ်းစားထားသင့်တယ်။ နယ်မြေသစ်မှာ ဘာသာစကားနဲ့ ယဉ်ကျေးမှုတွေကလည်း အခက်အခဲဖြစ်နိုင်တယ်။ အဲဒီအပြင် နိုင်ငံသားဖြစ်ဖို့၊ တရားဝင်နေထိုင်ခွင့်ရဖို့ ကြိုးစားရာမှာ ခက်ခဲရှုပ်ထွေးတဲ့ တရားဥပဒေကိစ္စတွေ၊ အကုန်အကျတွေကိုလည်း ထည့်တွက်သုံးသပ်သင့်တယ်။ တရားဝင်နေထိုင်ခွင့် မရသူတွေဟာ အလုပ်ကောင်းကောင်းရဖို့၊ နေစရာအိမ်၊ ပညာရေး၊ ကျန်းမာရေးပြုစုစောင့်ရှောက်မှုတွေရဖို့ အခက်တွေ့ကြရတယ်။ ကားမောင်းလိုင်စင်ရဖို့၊ ဘဏ်စာရင်းဖွင့်ဖို့လည်း အခက်တွေ့ကြတယ်။ တရားမဝင်နေထိုင်သူတွေဟာ လုပ်ခနည်းနည်းပဲရလေ့ရှိပြီး မတရားခေါင်းပုံဖြတ်ခံရလေ့ရှိတယ်။
ထည့်တွက်စဉ်းစားသင့်တဲ့ နောက်တစ်ချက်က ငွေကြေးဖြစ်တယ်။ တကယ်တော့ ငွေကြေးက ဘယ်လောက်လုံခြုံမှုပေးနိုင်သလဲ။ သမ္မာကျမ်းစာမှာ ဒီအကြံပြုချက်ကောင်းပါရှိတယ်– “ချမ်းသာကြွယ်ဝမှုအတွက် ကြိုးစားအားထုတ်ရာတွင် မိမိကိုယ်ကိုယ်အလွန်အကျွံမပင်ပန်းစေရန် ပညာသတိရှိလော့။ သင်၏ကြေးငွေသည် အတောင်ပေါက်၍ လင်းယုန်ငှက်ကဲ့သို့ ပျံသန်းသွားသည့်အလား မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်း၌ ပျောက်ကွယ်သွားနိုင်လေသည်။” (သုတ္တံ ၂၃:၄၊ ၅၊ ခမ) ကျွန်ုပ်တို့အလိုအပ်ဆုံးအရာက ငွေနဲ့မဝယ်နိုင်တဲ့ အရာတွေဖြစ်တဲ့ မေတ္တာ၊ စိတ်ပိုင်းဆိုင်ရာလုံခြုံမှု၊ မိသားစုစည်းလုံးမှု စတာတွေဖြစ်တယ်ဆိုတာကိုလည်း စိတ်စွဲထားပါ။ မိဘဖြစ်သူတွေဟာ အချင်းချင်းမေတ္တာပြဖို့၊ သားသမီးတွေအပေါ် “မိသားစုချစ်ခင်စုံမက်” မှုပြဖို့ထက် ငွေကိုပိုအလေးထားတာက သိပ်ဝမ်းနည်းစရာကောင်းပါတယ်။—၂ တိမောသေ ၃:၁-၃။
မဿဲ ၅:၃) ဒါကြောင့် တာဝန်သိတတ်တဲ့ မိဘတွေက ကလေးတွေကို ဘုရားသခင်၊ ကိုယ်တော့်ရည်ရွယ်ချက်၊ ကိုယ်တော်ရဲ့စံနှုန်းတွေအကြောင်း သွန်သင်ပေးရမယ့် ဘုရားပေးတာဝန်ကို ကျေပွန်စေဖို့ အစွမ်းကုန်ကြိုးစားကြတယ်။—ဧဖက် ၆:၄။
လူသားတွေဟာ ဘုရားတရားရှိဖို့လည်း လိုပါတယ်။ (မိသားစု တစ်စုတစ်ဝေးတည်းရှိခြင်းက ငွေထက်ပိုအရေးကြီး
နိုင်ငံရပ်ခြားကို ပြောင်းရွှေ့သူတွေရဲ့ဇာတ်လမ်းက အမျိုးမျိုးရှိနိုင်ပေမဲ့ ရှေ့ဆောင်းပါးတွေမှာ ဖော်ပြခဲ့တဲ့ ဂျော့ခ်ျ၊ ရေချယ်နဲ့ ပက်ထရီရှာတို့ရဲ့အဖြစ်မှာလို ဆင်တူတဲ့အကျိုးဆက်တွေရှိတယ်။ မိဘ ဒါမှမဟုတ် အိမ်ထောင်ဖက် ထွက်သွားတဲ့အခါ မိသားစုတစ်စုလုံး အခက်အခဲကြုံရတဲ့အပြင် မိသားစုပြန်ဆုံစည်းဖို့လည်း နှစ်အတော်ကြာနိုင်တယ်။ ဂျော့ခ်ျရဲ့အဖြစ်မှာဆိုရင် လေးနှစ်ကျော် ကြာခဲ့တယ်။
ရေချယ်ဟာ ငါးနှစ်နီးပါးကြာပြီးနောက်မှ သမီးဖြစ်သူနဲ့ပြန်တွေ့ဖို့ ဖိလစ်ပိုင်ကို ပြန်နိုင်ခဲ့တယ်။ ပက်ထရီရှာဟာ ရင်ခွင်ပိုက်ကလေးနဲ့အတူ စပိန်ကိုရောက်သွားတယ်။ “မိသားစုဆိုလို့ သမီးနဲ့ ကျွန်မ နှစ်ယောက်ပဲ။ ဒါကြောင့် သမီးကို ကောင်းကောင်းဂရုစိုက်နိုင်ဖို့ ကြိုးစားခဲ့တယ်” လို့ ပက်ထရီရှာ ပြောတယ်။
နိုင်ငံရပ်ခြား ပြောင်းရွှေ့နေထိုင်သူများစွာဟာ အထီးကျန်၊ စီးပွားရေးမပြေလည်၊ မိသားစုနဲ့ အချိန်အတော်ကြာခွဲနေရတဲ့ကြားက နယ်မြေသစ်မှာ ပေကပ်နေကြတယ်။ အချိန်၊ ခွန်အားနဲ့ ငွေကြေး အများကြီးရင်းနှီးမြှုပ်နှံထားရတဲ့အတွက် နိုင်ငံသစ်မှာအဆင်မပြေတဲ့အခါ လူအနည်းငယ်ကသာ သိက္ခာကျ၊ အရှက်ကွဲခံပြီး ကိုယ့်ဒေသကိုပြန်ကြတယ်။
အဲဒီလိုလုပ်ခဲ့သူတစ်ယောက်ကတော့ ဖိလစ်ပိုင်က အဲလန်ဖြစ်တယ်။ စပိန်မှာ အလုပ်ကောင်းကောင်းရပေမဲ့လည်း ၁၈ လပဲနေပြီး အိမ်ပြန်ခဲ့တယ်။ “ကျွန်တော့်ဇနီးနဲ့ သမီးလေးကို အရမ်းလွမ်းတယ်။ သူတို့မပါဘူးဆိုရင် နောက်တစ်ခါ နိုင်ငံခြားမှာ သွားအလုပ်မလုပ်တော့ဘူးလို့ ဆုံးဖြတ်ခဲ့တယ်။ ကျွန်တော်တို့ အဲဒီအတိုင်း လုပ်ခဲ့ကြတယ်။ ငွေထက်ပိုပြီး အရေးကြီးတဲ့အရာက မိသားစုပါ” လို့ အဲလန်ပြောတယ်။
ငွေထက်ပိုပြီး အရေးကြီးတဲ့အရာနောက်တစ်ခုကို ပက်ထရီရှာ တွေ့ရှိခဲ့တယ်။ သူ စပိန်ကိုသွားတဲ့အခါ “ဓမ္မသစ်ကျမ်း” လို့ခေါ်ကြတဲ့ ခရစ်ယာန်ဂရိကျမ်းစာအုပ်တစ်အုပ် ယူသွားတယ်။ “အဆောင်တစ်ခုအနေနဲ့ ယူသွားတာပါ။ စပိန်ရောက်တော့ ယေဟောဝါသက်သေ အမျိုးသမီးတစ်ယောက်နဲ့တွေ့တယ်။ အရင်တုန်းက ဒီဘာသာဝင်တွေနဲ့စကားမပြောချင်ခဲ့ဘူး။ အခုတော့ သူတို့ယုံကြည်ချက်မှားတယ်ဆိုတာ ထောက်ပြနိုင်ဖို့အတွက် သူ့ကို မေးခွန်းအများကြီးမေးခဲ့တယ်။ ဒါပေမဲ့ ကျွန်မထင်ထားတာနဲ့ ဆန့်ကျင်ဘက်ပဲ။ သူက သူ့ရဲ့ယုံကြည်ချက်ကို ပြန်ခုခံနိုင်တယ်။ ကျွန်မရဲ့မေးခွန်းတွေကို ကျမ်းစာကနေတိုက်ရိုက် အဖြေပေးခဲ့တယ်။”
တည်မြဲတဲ့ပျော်ရွှင်မှု၊ စိတ်ချရတဲ့အနာဂတ်မျှော်လင့်ချက်ဆိုတာ နေထိုင်တဲ့နေရာ၊ ပိုင်ဆိုင်တဲ့ငွေကြေးပေါ်မှာ မမူတည်ပဲ ဘုရားသခင်နဲ့ ကိုယ်တော့်ရည်ရွယ်ချက်တွေကို သိမြင်လာခြင်းကနေပဲ ရရှိတယ်ဆိုတဲ့အချက်ကို ပက်ထရီရှာ သိလာတယ်။ (ယောဟန် ၁၇:၃) စစ်မှန်တဲ့ဘုရားသခင်မှာ ယေဟောဝါဆိုတဲ့နာမည်ရှိတယ်ဆိုတာနဲ့ တခြားအကြောင်းအရာတွေကိုပါ သူသိလာတယ်။ (ယေရမိ ၃၃:၂) ဘုရားသခင်ဟာ ယေရှုခရစ်အုပ်ချုပ်မယ့် ကိုယ်တော့်နိုင်ငံတော်အစိုးရအားဖြင့် ဆင်းရဲနွမ်းပါးမှုအားလုံးကို မကြာခင်အဆုံးတိုင်တော့မယ်ဆိုတာကိုလည်း ကျမ်းစာမှာ သူဖတ်ရတယ်။ (ဒံယေလ ၇:၁၃၊ ၁၄) ယေရှုဟာ “ငတ်မွတ်သောသူအော်ဟစ်သောအခါ ထိုသူကိုလည်းကောင်း၊ ကိုးကွယ်ရာမရှိ၍ ဆင်းရဲသောသူကိုလည်းကောင်း ချမ်းသာပေးတော်မူလိမ့်မည်။ သူတို့အသက်ကို လှည့်စားခြင်းနှင့် ညှဉ်းဆဲခြင်း၏လက်မှ ရွေးနုတ် . . . တော်မူလိမ့်မည်” လို့ ဆာလံ ၇၂:၁၂၊ ၁၄ မှာ ဖော်ပြထားတယ်။
သမ္မာကျမ်းစာကို အချိန်ပေးပြီး ဆန်းစစ်ကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။ ကျမ်းစာမှာပါတဲ့ ဘုရားသခင့်ဉာဏ်ပညာက ဘဝမှာ အရေးကြီးဆုံးအရာက ဘာလဲဆိုတာကို နားလည်သဘောပေါက်စေပြီး ပညာရှိတဲ့ဆုံးဖြတ်ချက်တွေ ချစေတယ်။ လောလောဆယ်ကြုံနေရတဲ့ အခက်အခဲမှန်သမျှကို စိတ်ရွှင်လန်းစွာ၊ မျှော်လင့်ချက်ရှိစွာနဲ့ ရင်ဆိုင်ဖြေရှင်းသွားစေနိုင်တယ်။—သုတ္တံ ၂:၆-၉၊ ၂၀၊ ၂၁။