သမ္မာကျမ်းစာရှုထောင့် | သန့်ရှင်းခြင်း
သန့်ရှင်းခြင်း
ကျွန်ုပ်တို့ရဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုကို ဘုရားသခင် အလေးထားပါသလား။
‘ကိုယ်စိတ်နှစ်ပါးကို ညစ်ညူးစေသောအရာရှိသမျှတို့နှင့် ကိုယ်ကိုကင်းစင်စေပါ။’၂ ကောရိန္သု ၇:၁။
သမ္မာကျမ်းစာပြောဆိုရာ
ဖန်ဆင်းရှင်ဘုရားသခင်က လူသားတွေကိုချစ်ပြီး သက်ရှည်၊ ကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်စေချင်ပါတယ်။ ‘ငါ့ပညတ်တို့ကို သင်၏နှလုံး စောင့်ရှောက်ပါစေ။ အသက်တာရှည်သောကာလ နှစ်ပေါင်းများကိုလည်းကောင်း၊ ငြိမ်ဝပ်ခြင်းကိုလည်းကောင်း တိုးပွားစေလိမ့်မည်” လို့ ဘုရားသခင် ပြောထားတယ်။ (သုတ္တံ ၃:၁၊ ၂) လူသားတွေကို ဘုရားသခင်ချစ်တယ်ဆိုတာကို အစ္စရေးလူမျိုးကိုပေးခဲ့တဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ပတ်သက်တဲ့ ပညတ်တွေကိုကြည့်ရင် သိနိုင်တယ်။ (တရားဟောရာ ၂၃:၁၂-၁၄) အစ္စရေးတွေဟာ အဲဒီပညတ်တွေကို လိုက်နာတဲ့အခါ ကျန်းမာရေးပိုကောင်းလာတယ်၊ ရောဂါကူးစက်မှုကနေ အကာအကွယ်ရတယ်။ ဘုရားသခင်ရဲ့ အဲဒီပညတ်ချက်တွေ မရရှိထားတဲ့ အီဂျစ်အပါအဝင် တခြားလူမျိုးတွေဟာ အဲဒီအကာအကွယ် မရခဲ့ကြဘူး။—တရားဟောရာ ၇:၁၂၊ ၁၅။
ဒီနေ့ခေတ်မှာလည်း အလားတူပါပဲ၊ ဆေးလိပ်သောက်ခြင်း၊ အရက်အလွန်အကျွံသောက်ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း စတဲ့အကျင့်တွေဟာ “ကိုယ်စိတ်နှစ်ပါးကို ညစ်ညူးစေ” ပါတယ်။ အဲဒီအကျင့်တွေနဲ့ “ကိုယ်ကိုကင်းစင်စေ” တဲ့သူတွေဟာ အဖျားအနာနည်းတဲ့အပြင် အချိန်မတန်ဘဲ သေဆုံးတာမျိုးကိုလည်း ရှောင်နိုင်တယ်။ ကိုယ်တစ်ယောက်တည်း သီးသန့် နေထိုင်ဖို့ ဆိုတာလည်း မဖြစ်နိုင်တဲ့အတွက် သန့်ရှင်းခြင်းနဲ့ပတ်သက်တဲ့ ဘုရားသခင့်စံနှုန်းတွေကို လိုက်နာတာက တခြားသူတွေကို ထောက်ထားစာနာမှု တင်ပြရာလည်းရောက်တယ်။ —မာကု ၁၂:၃၀၊ ၃၁။
ကိုယ်ကျင့်တရားနဲ့ ဝတ်ပြုရေးသန့်ရှင်းမှုကိုလည်း ဘုရားသခင် အလေးထားပါသလား။
‘မတရားမေထုန်ပြုခြင်း၊ မသန့်ရှင်းခြင်း၊ သွေးသားဆန္ဒပြင်းပြခြင်း၊ မကောင်းသောတောင့်တခြင်း၊ တပ်မက်ခြင်းနှင့်ဆိုင်သည့် သင်တို့၏ကိုယ်အင်္ဂါများကို သေစေကြလော့။ ထိုအရာများကြောင့် ဘုရားသခင်၏ အမျက်တော် သင့်ရောက်လိမ့်မည်။’ကောလောသဲ ၃:၅၊ ၆။
သမ္မာကျမ်းစာပြောဆိုရာ
အစပိုင်းမှာဖော်ပြခဲ့သလိုပဲ ‘ကိုယ်စိတ်နှစ်ပါးကို ညစ်ညူးစေသောအရာရှိသမျှတို့နှင့် ကိုယ်ကိုကင်းစင်စေ’ ဖို့ သမ္မာကျမ်းစာမှာ တိုက်တွန်းထားတယ်။ ယေရှုခရစ်အချိန်မှာ ဂျူးဘာသာရေးခေါင်းဆောင်တွေအပါအဝင် လူများစွာဟာ တစ်ကိုယ်ရေသန့်ရှင်းမှုကို အလွန်အမင်း ဂရုစိုက်ခဲ့ကြပေမဲ့ ကိုယ်ကျင့်တရားနဲ့ ဝတ်ပြုရေးပိုင်း သန့်ရှင်းဖို့ကိုတော့ ဂရုမစိုက်ခဲ့ကြဘူး။ (မာကု ၇:၁-၅) ဘယ်အရာ ပိုသန့်ရှင်းသင့်တယ်ဆိုတာနဲ့ပတ်သက်ပြီး ယေရှု ဒီလိုပြောခဲ့တယ်– “ပြင်ပမှ လူအတွင်းသို့ဝင်သောအရာသည် လူကိုမညစ်ညူးစေနိုင်ကြောင်း သင်တို့မသိကြသလော။ ခံတွင်းသို့ ဝင်သမျှသည် . . . ဝမ်းထဲရောက်၍ ရေအိမ်သို့ဆင်းသွားရသည် မဟုတ်လော။” ဒီလိုလည်း ဆက်ပြောခဲ့တယ်– “လူအတွင်းမှ ထွက်သောအရာသည် လူကိုညစ်ညူးစေတတ်၏။ အကြောင်းမူကား လူအတွင်းရှိ စိတ်နှလုံးထဲမှထွက်လာသည့် မကောင်းသောအကြံအစည်များမှာ မတရားမေထုန်ပြုခြင်း၊ ခိုးခြင်း၊ လူ့အသက်ကိုသတ်ခြင်း၊ အိမ်ထောင်ရေးဖောက်ပြန်ခြင်း၊ သူ့ဥစ္စာကိုတပ်မက်ခြင်း၊ ဆိုးသွမ်းခြင်း၊ လှည့်စားခြင်း၊ အကျင့်ပျက်ခြင်း၊ မနာလိုမျက်စိရှိခြင်း၊ . . . မိုက်မဲခြင်းတို့ဖြစ်၏။ ဤဆိုးညစ်သောအရာအပေါင်းတို့သည် . . . လူကိုညစ်ညူးစေကြ၏။”—မာကု ၇:၁၈-၂၃။
တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုစိုက်လွန်းပြီး ကိုယ်ကျင့်တရားနဲ့ ဝတ်ပြုရေးပိုင်းသန့်ရှင်းဖို့ ဂရုမစိုက်တဲ့သူတွေဟာ အပြင်ဘက်သန့်ပြီး အတွင်းဘက်မှာ ညစ်ပတ်နေတဲ့ ခွက်နဲ့တူတယ်လို့ ယေရှုပြောခဲ့တယ်။—မဿဲ ၂၃:၂၅၊ ၂၆။
ကျမ်းစာစံနှုန်းတွေက သင့်တင့်မျှတရဲ့လား။
“ဘုရားသခင်ကို ချစ်ခြင်းဟူသည် ကိုယ်တော်၏ပညတ်များကို လိုက်နာခြင်းဖြစ်၏။ ကိုယ်တော်၏ပညတ်များသည် ဝန်ထုပ်ဝန်ပိုး ဖြစ်သည်မဟုတ်။”၁ ယောဟန် ၅:၃။
သမ္မာကျမ်းစာပြောဆိုရာ
မိက္ခာ ၆:၈ မှာ ဒီလိုပြောထားတယ်– “တရားသဖြင့်ပြုခြင်း၊ ကရုဏာကိုနှစ်သက်ခြင်း၊ သင်၏ဘုရားသခင့်ရှေ့တော်၌ နှိမ့်ချသောစိတ်နှင့်ကျင့်နေခြင်းမှတစ်ပါး အဘယ်ပူဇော်သကာကို ထာဝရဘုရားတောင်းတော်မူသနည်း။” ဒါဟာ သင့်တင့်မျှတတဲ့ တောင်းဆိုချက် ဟုတ်တယ် မဟုတ်လား။ ဒါ့အပြင် ဖန်ဆင်းရှင်ဘုရားသခင်က ကိုယ်တော့်ကိုချစ်လို့ နာခံတာကိုပဲ လိုလားတယ်။ အဲဒီလိုလုပ်တဲ့သူတွေဟာ ပျော်ရွှင် ချမ်းမြေ့ကြတယ်။ (ဆာလံ ၄၀:၈) အမှားလုပ်မိတဲ့အခါ ဘုရားသခင်ရဲ့ ကရုဏာကနေ နှစ်သိမ့်မှုရနိုင်ပါတယ်။ “အဘသည် သားတို့ကို သနားစုံမက်သည်နည်းတူ ထာဝရဘုရားသည် ကြောက်ရွံ့သောသူတို့ကို သနားစုံမက်တော်မူ၏။ အကြောင်းမူကား ငါတို့ကိုယ်ခန္ဓာကိုသိတော်မူ၏။ ငါတို့သည် မြေမှုန့်ဖြစ်ကြောင်းကို အောက်မေ့တော်မူ၏။”—ဆာလံ ၁၀၃:၁၃၊ ၁၄။
အတိုချုပ်ပြောရရင် ကာယပိုင်း၊ ကိုယ်ကျင့်တရားပိုင်း၊ ဝတ်ပြုရေးပိုင်းတွေနဲ့ပတ်သက်တဲ့ ဘုရားသခင့်စံနှုန်းတွေဟာ ကိုယ်တော် ဘယ်လောက်ကောင်းမြတ်ကြောင်း၊ ကျွန်ုပ်တို့ကိုချစ်ကြောင်း ဖော်ပြတယ်။ အဲဒီစံနှုန်းတွေကို လိုလိုလားလားနာခံတာက ပညာရှိရာရောက်ပြီး ကိုယ်တော့်ကို ချစ်ကြောင်း တင်ပြရာရောက်ပါတယ်။