မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်သည် ခါနာန်လူမျိုးကို အဘယ်ကြောင့် စစ်ဆင်နွှဲခဲ့သနည်း

ဘုရားသခင်သည် ခါနာန်လူမျိုးကို အဘယ်ကြောင့် စစ်ဆင်နွှဲခဲ့သနည်း

ဘုရားသခင်သည် ခါနာန်လူမျိုးကို အဘယ်ကြောင့် စစ်ဆင်နွှဲခဲ့သနည်း

‘ဘုရားသခင်မိန့်တော်မူသည့်အတိုင်း ဟိတ္တိအမျိုးသား၊ အာမောရိအမျိုးသား၊ ခါနာန်အမျိုးသား၊ ဖေရဇိအမျိုးသား၊ ဟိဝိအမျိုးသား၊ ယေဗုသိအမျိုးသားအပေါင်းတို့ကို တစ်ယောက်မကျန် သတ်ဖြတ်သုတ်သင်ရမည်။’—တရားဟောရာ ၂၀:၁၇၊ ခမ။

“သင်တို့သည် တတ်နိုင်သမျှအတိုင်း လူအားလုံးနှင့် သင့်မြတ်စွာနေကြလော့။”—ရောမ ၁၂:၁၈

အဆိုပါကျမ်းချက်များသည် သင့်အတွက် ဆန့်ကျင်နေပုံပေါက်နေသလော။ ခါနာန်လူမျိုးကို သုတ်သင်ရမည်ဟူသော ဘုရားသခင့်အမိန့်နှင့် သင့်မြတ်စွာနေပါဟူသော ကျမ်းစာဆုံးမစကားတို့ကို ညီညွတ်စေရန် လူအများ အခက်တွေ့နေကြသည်။ * (ဟေရှာယ ၂:၄; ၂ ကောရိန္သု ၁၃:၁၁) အဆိုပါမိန့်မှာချက်များသည် သူတို့အတွက် ကျင့်ဝတ်တရားအရ ရှေ့နောက်မညီပုံရသည်။

အကယ်၍ သင်သည် ဤအကြောင်းအရာကို ဘုရားသခင်နှင့် ဆွေးနွေးနိုင်လျှင် ကိုယ်တော်ကို အဘယ်မေးခွန်းများ မေးမည်နည်း။ အောက်ပါမေးခွန်းငါးခုနှင့် ကျမ်းစာအဖြေများကို သုံးသပ်ကြည့်ပါ။

၁။ ခါနာန်လူမျိုးကို အဘယ်ကြောင့် မောင်းထုတ်ခဲ့သနည်း။ ခါနာန်လူမျိုးသည် သူတို့မပိုင်ဆိုင်သော တိုင်းပြည်တွင် ကျူးကျော်ဝင်ရောက် နေထိုင်ခဲ့ကြ၍ဖြစ်သည်။ မည်သို့အားဖြင့်နည်း။ ဘုရားသခင်သည် သစ္စာရှိအာဗြဟံ၏သားစဉ်မြေးဆက်ကို ခါနာန်ပြည်ပေးမည်ဟု လွန်ခဲ့သောအနှစ် ၄၀၀ ခန့်က ကတိပြုခဲ့သည်။ (ကမ္ဘာဦး ၁၅:၁၈) ဘုရားသခင်သည် အာဗြဟံ၏သားစဉ်မြေးဆက်များဖြစ်သော အစ္စရေးလူမျိုးကို ခါနာန်ပြည်တွင် နေထိုင်စေခဲ့ချိန်၌ ထိုကတိတော်ကို ပြည့်စုံစေခဲ့သည်။ ခါနာန်လူမျိုးသည် ထိုပြည်တွင် အလျင်နေထိုင်နေပြီဖြစ်၍ သူတို့သာ ပိုင်ဆိုင်သင့်သည်ဟု အချို့က ဆိုကြပေမည်။ သို့သော် စကြဝဠာပိုင်သအုပ်စိုးရှင် ဘုရားသခင်က မည်သည့်နေရာတွင် မည်သူနေထိုင်ရမည်ကို အပြီးသတ်ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။—တမန်တော် ၁၇:၂၆; ၁ ကောရိန္သု ၁၀:၂၆

၂။ ခါနာန်လူမျိုးကို အစ္စရေးလူမျိုးနှင့်အတူနေဖို့ ဘုရားသခင် အဘယ်ကြောင့် ခွင့်မပြုခဲ့သနည်း။ ဘုရားသခင်သည် ခါနာန်လူမျိုးနှင့်ပတ်သက်၍ ဤသို့သတိပေးခဲ့သည်– ‘သင်သည် ငါ့ကို ပြစ်မှားစေခြင်းငှာ သူတို့ပြုမည်ဟု စိုးရိမ်စရာရှိသောကြောင့် သင့်ပြည်၌ သူတို့မနေရကြ။ သူတို့နတ်ဘုရားများကို ဝတ်ပြုလျှင် သင်တို့၌ ကျော့ကွင်းအမှန်ဖြစ်လိမ့်မည်။’ (ထွက်မြောက်ရာ ၂၃:၃၃သမ္မာ) နောက်ပိုင်းတွင် ပရောဖက်မောရှေကလည်း အစ္စရေးလူမျိုးကို ဤသို့ဆိုခဲ့၏– ‘ထိုလူမျိုးတို့၏ ဆိုးသွမ်းခြင်းကြောင့် သင်၏ဘုရားသခင် ယေဟောဝါသည် သူတို့ကို သင့်ရှေ့မှ နှင်ထုတ်တော်မူ၏။’ (တရားဟောရာ ၉:၅သမ္မာ) ထိုလူမျိုးတို့သည် မည်သို့ဆိုးသွမ်းခဲ့ကြသနည်း။

လိင်အကျင့်ယိုယွင်းခြင်း၊ နတ်ဘုရားများကိုဝတ်ပြုခြင်းနှင့် ကလေးများကိုယဇ်ပူဇော်ခြင်းတို့သည် ခါနာန်ပြည်တွင် ပျံ့နှံ့လျက်ရှိသည်။ ထိုဒေသကို ရှာဖွေတူးဖော်သော ရှေးဟောင်းသုတေသနပညာရှင်များသည် “[ခါနာန်လူမျိုး၏ အထင်ကရနတ်ဘုရား] ဗာလကို ယဇ်ပူဇော်ခဲ့ကြသည့် ကလေးများ၏ရုပ်ကလာပ်များ ထည့်ထားသော စဉ့်အိုးအမြောက်အမြားကို တွေ့ရှိခဲ့ကြသည်” ဟု ကျမ်းစာသမိုင်းပညာရှင် ဟင်နရီ အိပ်ခ်ျ. ဟယ်လီက ပြောပြ၏။ သူက ထပ်ဆင့်၍ ဤသို့ဆို၏– “ထိုဒေသတစ်ခုလုံးသည် ဖွားစကလေးများ၏ သင်္ချိုင်းမြေဖြစ်နေသည်။ . . . ခါနာန်လူမျိုးသည် ဝတ်ပြုရေးထုံးတမ်းတစ်ခုအနေဖြင့် နတ်ဘုရားများရှေ့မှောက်တွင် လိင်အကျင့်ယိုယွင်း၍ သူတို့၏သားဦးလေးများကိုသတ်ကာ ထိုနတ်ဘုရားများထံ ပူဇော်ခဲ့ကြသည်။ ခါနာန်ပြည်တစ်ပြည်လုံးသည် သောဒုံနှင့် ဂေါမောရကဲ့သို့ ဖြစ်ပျက်နေသည်။ . . . ခါနာန်မြို့၏ အပျက်အယွင်းများကို တူးဖော်ကြသည့် ရှေးဟောင်းသုတေသနပညာရှင်များက သူတို့ကို ဘုရားသခင် ဖျက်ဆီးခြင်းသည် နောက်တောင်ကျနေသေးသည်ဟု ယူမှတ်ကြ၏။”

၃။ ထိုအချိန်က ကမ္ဘာပေါ်တွင် အခြားသောဆိုးညစ်သူများလည်း ရှိကြသည်မဟုတ်လော။ အဘယ်ကြောင့် ခါနာန်လူမျိုးကိုသာရွေးပြီး ဖျက်ဆီးခဲ့ရသနည်း။ ဘုရားသခင်သည် အချိန်အခါများစွာတွင် အပြစ်ပြုသူများကိုသာရွေးပြီး ဖျက်ဆီးခဲ့သည်။ နောဧခေတ်တွင် ‘မြေကြီးသည် ကြမ်းကြုတ်မှုနှင့် ပြည့်စုံလျက်ရှိ’ သောအခါ နောဧ၏မိသားစုမှလွဲ၍ ကျန်ရှိသမျှကို ဘုရားသခင် ရေလွှမ်းမိုးကာ ဖျက်ဆီးခဲ့သည်။ (ကမ္ဘာဦး ၆:၁၁သမ္မာ; ၂ ပေတရု ၂:၅) သောဒုံနှင့် ဂေါမောရမြို့သားများသည် “အလွန်အပြစ်ကြီးလေး” လာချိန်တွင် ဘုရားသခင် သူတို့ကို ဖျက်ဆီးခဲ့သည်။ (ကမ္ဘာဦး ၁၈:၂၀သမ္မာ; ၂ ပေတရု ၂:၆) ထို့ပြင် အာရှုရိမြို့တော် နိနေဝေသည် “လူ့အသက်ကို သတ်တတ်သောမြို့” ဖြစ်သောကြောင့် ထိုမြို့ကို ဘုရားသခင် တရားစီရင်မည်ဟု ကြေညာထားသော်လည်း ထိုမြို့သားများသည် လမ်းစဉ်ဆိုးမှ နောင်တယူပြောင်းလဲလာသောအခါ သူတို့ကို အသက်ရှင်ခွင့်ပေးခဲ့သည်။ (နာဟုံ ၃:၁; ယောန ၁:၁၊ ၂; ၃:၂၊ ၅-၁၀) ခါနာန်လူမျိုးနှင့်ပတ်သက်၍မူ မေရှိယကို ပေါ်ထွန်းစေမည့် အစ္စရေးလူမျိုးကို ကာကွယ်ရန် သူတို့ကို ဘုရားသခင်ဖျက်ဆီးခဲ့ရခြင်းဖြစ်သည်။—ဆာလံ ၁၃၂:၁၁၊ ၁၂

၄။ ခါနာန်လူမျိုးကို ဖျက်ဆီးခြင်းနှင့် ဘုရားသခင့်မေတ္တာတော်သည် ရှေ့နောက်မညီဖြစ်နေသလော။ အပေါ်ယံကြည့်လျှင် ခါနာန်လူမျိုးကို ဘုရားသခင် ရှင်းပစ်ခြင်းသည် ကိုယ်တော်၏မေတ္တာတော်နှင့် ဆန့်ကျင်နေပုံပေါက်ပေမည်။ (၁ ယောဟန် ၄:၈) သို့သော် အဖြစ်အပျက်ကို အသေးစိတ်လေ့လာကြည့်လျှင် ထိုမေတ္တာတော်ကို ကောင်းစွာတွေ့မြင်ရလိမ့်မည်။

ခါနာန်လူမျိုးသည် လမ်းမှားသို့လိုက်နေကြောင်း ကြာမြင့်စွာကတည်းက ဘုရားသခင် သိတော်မူသည်။ သို့တိုင် သူတို့ကို ချက်ချင်း မဖျက်ဆီးဘဲ သူတို့၏အပြစ် “ပြည့်စုံ” ချိန်အထိ၊ နှစ်ပေါင်း ၄၀၀ တိုင်တိုင် စိတ်ရှည်တော်မူခဲ့သည်။—ကမ္ဘာဦး ၁၅:၁၆သမ္မာ။

ခါနာန်လူမျိုးသည် ကမ်းကုန်အောင် ဆိုးသွမ်းမိုက်မဲလာသောအခါတွင်မူ သူတို့ကို ယေဟောဝါဘုရားသခင် အပြီးသတ်စီရင်လိုက်သည်။ သို့သော် ကိုယ်တော်သည် ခါနာန်လူမျိုးရှိသမျှကို အရမ်းကာရောဖျက်ဆီးခဲ့ခြင်းမဟုတ်ပါ။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ အချို့သည် နောင်တယူ ပြောင်းလဲလိုစိတ်ရှိကြ၍ဖြစ်သည်။ ရာခပ်နှင့် ဂိဗောင်မြို့သားတို့ကဲ့သို့သော ပြောင်းလဲလိုစိတ်ရှိကြသူများသည် ကရုဏာပြခံခဲ့ရသည်။—ယောရှု ၉:၃-၁၁၊ ၁၆-၂၇; ဟေဗြဲ ၁၁:၃၁

၅။ ဘုရားသခင်သည် မေတ္တာရှင်ဖြစ်ပါလျက် မည်သည့်လူသားကိုမဆို ကိုယ်တော်ဖျက်ဆီးခြင်းသည် ဖြစ်နိုင်ပါမည်လော။ ထိုမေးခွန်းကို နားလည်နိုင်ပါသည်။ အကြောင်းမှာ လူ့အသက်သတ်ခြင်းအကြောင်း စဉ်းစားခြင်းကပင် မနှစ်မြို့ဖွယ်ဖြစ်နေသောကြောင့်ဖြစ်သည်။ သို့သော် ဆိုးညစ်သူများကို ဖျက်ဆီးရန် ကိုယ်တော့်ကိုစေ့ဆော်ပေးသောအရာမှာ မေတ္တာတော်ပင် ဖြစ်သည်။ ဥပမာ၊ လူနာတစ်ဦးတွင် အသားပုပ်ဆွေးနာ ရှိလာသောအခါ ဆရာဝန်များသည် အနာဖြစ်နေသော ကိုယ်အင်္ဂါအစိတ်အပိုင်းကို ဖြတ်ထုတ်ခြင်းမှလွဲ၍ တခြားရွေးစရာအကြောင်းမရှိနိုင်ပါ။ ထိုသို့ဖြတ်ထုတ်ရခြင်းကို နှစ်သက်မည့်သူ မရှိသလောက်ပင်။ ထိုသို့မဖြတ်ထုတ်လျှင် အနာပြန့်သွားပြီး အခြေအနေပိုဆိုးရွားလာမည်ကို ကျွမ်းကျင်သောဆရာဝန်တစ်ဦး သိသည်။ ယင်းသည် မနှစ်မြို့ဖွယ်ကောင်းသော်လည်း လူနာ၏ကောင်းကျိုးအတွက် သူလုပ်ဆောင်ရခြင်းဖြစ်သည်။

ထိုနည်းတူ၊ ယေဟောဝါဘုရားသခင်သည်လည်း ခါနာန်လူမျိုးကို မဖျက်ဆီးလိုချေ။ “ဆိုးသောသူသည် အသေခံခြင်းအမှုကို ငါနှစ်သက်သည်မဟုတ်” ဟုကိုယ်တော်တိုင် မိန့်ဆိုသည်။ (ယေဇကျေလ ၃၃:၁၁) တစ်ချိန်တည်းတွင် ဘုရားသခင်သည် ယုံကြည်ခြင်းတင်ပြသူအပေါင်း ကယ်တင်ခြင်းရရှိစေရန် လမ်းဖွင့်ပေးမည့် မေရှိယကို အစ္စရေးလူမျိုးမှ ပေါ်ထွန်းစေဖို့ ရည်ရွယ်ထားပြီဖြစ်၏။ (ယောဟန် ၃:၁၆) ထို့ကြောင့် ဘုရားသခင်သည် ခါနာန်လူမျိုး၏ စက်ဆုပ်ဖွယ်အကျင့်များ အစ္စရေးလူမျိုးအပေါ် ကူးစက်ခွင့်မပြုနိုင်ပေ။ သို့နှင့် ခါနာန်လူမျိုးကို ထိုပြည်မှ မောင်းထုတ်ရန် မိန့်မှာခဲ့၏။ ယင်းသို့ပြုလုပ်ခြင်းအားဖြင့် ဘုရားသခင်၏ တုနှိုင်း၍မမီသော မေတ္တာတော် ပေါ်လွင်ထင်ရှားခဲ့သည်။ ထိုမေတ္တာတော်က ကိုယ်တော်အား သစ္စာရှိစွာ ဝတ်ပြုနေကြသူများ၏အကျိုးအတွက် မနှစ်မြို့ဖွယ်လုပ်ရပ်ကို လုပ်ဆောင်ရန် လှုံ့ဆော်ပေးခဲ့သည်။

ကျွန်ုပ်တို့အတွက် အကျိုးရှိ

ခါနာန်လူမျိုးကို ဖျက်ဆီးခြင်းမှတ်တမ်းသည် ယနေ့ ကျွန်ုပ်တို့အတွက် အကျိုးရှိသလော။ ရှိပါသည်၊ အကြောင်းမှာ “ကျမ်းစာတွင် ရေးထားနှင့်သမျှသည် ငါတို့ကို ဆုံးမသွန်သင်ရန်ဖြစ်၏။ ငါတို့သည် ကျမ်းစာမှရရှိသော ခံနိုင်ရည်၊ နှစ်သိမ့်ခြင်းတို့အားဖြင့် မျှော်လင့်ခွင့်ရရှိစေရန် ထိုသို့ရေးထားရခြင်းဖြစ်၏” ဟုရောမ ၁၅:၄ တွင်ဖော်ပြထားသည်။ ခါနာန်ပြည်၏အဖြစ်အပျက်က ကျွန်ုပ်တို့ကို ဆုံးမသွန်သင်ချက်နှင့်မျှော်လင့်ချက် မည်သို့ရရှိစေသနည်း။

ကျွန်ုပ်တို့သည် အဆိုပါမှတ်တမ်းများမှ သင်ခန်းစာများစွာ ရရှိကြသည်။ ဥပမာ၊ ဘုရားသခင်ကို ရာခပ်နှင့် ဂိဗောင်လူတို့ ယုံကြည်လာသောအခါ သူတို့ကို ကိုယ်တော် သနားကြင်နာစွာ အသက်ရှင်ခွင့်ပေးခဲ့၏။ ဘုရားသခင့်စိတ်တော်နှင့် အမှန်တကယ် တွေ့လိုသောသူသည် မည်သည့်နောက်ခံပင် ရှိခဲ့ပါစေ သို့မဟုတ် အတိတ်က မည်သည့်အပြစ်များကို ပြုလုပ်ခဲ့ပါစေ ဘုရားသခင့်မျက်နှာသာတော်ရရှိနိုင်ကြောင်း ယင်းက အမှတ်ရစေသည်။—တမန်တော် ၁၇:၃၀

မဝေးတော့သည့်အနာဂတ်တွင် ဘုရားသခင် လုပ်ဆောင်မည့်အရာများကို ခါနာန်ပြည်ဖျက်ဆီးခြင်းမှတ်တမ်းအားဖြင့် ကြိုတင်အသိပေးထားသောကြောင့် ကျွန်ုပ်တို့လည်း မျှော်လင့်ချက်ရရှိကြသည်။ ဆိုးညစ်မှုများကြောင့် လူကောင်းများ ပျက်စီးသွားရန် ကိုယ်တော်ခွင့်ပြုမည်မဟုတ်ကြောင်း ထိုမှတ်တမ်းများက ကျွန်ုပ်တို့ကို စိတ်ချစေသည်။ သို့အစား ဘုရားသခင်သည် မကြာမီ ဆိုးသွမ်းသူရှိသမျှကို ဖျက်ဆီး၍ မိမိအား ချစ်မြတ်နိုးသူများကို ဖြောင့်မတ်သောကမ္ဘာသစ်သို့ ခေါ်ဆောင်သွားမည်ဟု သမ္မာကျမ်းစာက အခိုင်အမာဆိုသည်။ (၂ ပေတရု ၂:၉; ဗျာ. ၂၁:၃၊ ၄) ထိုအချိန်၌ ဤအားရှိဖွယ်စကားများ ပြည့်စုံလာပါလိမ့်မည်– ‘ဘုရားသခင်ကို မျှော်လင့်၍ လမ်းတော်ကိုလျှောက်သွားလော့။ ပြည်တော်ကို အမွေခံရသောအခွင့်နှင့် ချီးမြှောက်တော်မူမည်။ မတရားသောသူတို့ ဆုံးရှုံးခြင်းကို သင်သည် ကြည့်မြင်ရလိမ့်မည်။’—ဆာလံ ၃၇:၃၄

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 4 ဤဆောင်းပါးတွင် “ခါနာန်လူမျိုး” ဟူသော စကားလုံးသည် မောင်းထုတ်ပါဟူ၍ အစ္စရေးတို့ကို ဘုရားသခင်အမိန့်ပေးခဲ့သော လူမျိုးရှိသမျှကို ရည်ညွှန်းသည်။

[စာမျက်နှာ ၁၄ ပါလေးထောင့်ကွက်]

လူ့စစ်မက်ရေးရာကို သမ္မာကျမ်းစာက ထောက်ခံပါသလော

ခါနာန်လူမျိုးကို သုတ်သင်ပါဟု အစ္စရေးလူမျိုးကို ဘုရား သခင် အမိန့်ပေးခြင်းက ယနေ့ လူ့စစ်မက်ရေးရာကို အားပေးရာကျသလော။ အားပေးရာမကျပါ၊ အကြောင်းရင်း အနည်းဆုံးသုံးခုရှိ၏။

ယနေ့ ကမ္ဘာပေါ်ရှိ မည်သည့်လူမျိုးမှ ဘုရားသခင်၏အထူးမျက်နှာသာတော် မရရှိတော့ချေ။ အစ္စရေးလူမျိုးသည် ယေရှုကို မေရှိယအဖြစ် ငြင်းပယ်လိုက်သောကြောင့် ယေဟောဝါဘုရားသခင်သည် ၎င်းတို့ကို လူမျိုးခြားများအပေါ် မိမိကိုယ်စား စစ်တိုက်ပြီးတရားစီရင်ခြင်းအပါအဝင် အခြားမည်သည့်တာဝန်ကိုမျှ မပေးတော့ချေ။ (မဿဲ ၂၁:၄၂၊ ၄၃) ထို့ကြောင့် အစ္စရေးလူမျိုးသည် ယေဟောဝါဘုရားသခင်၏အမြင်တွင် လူမျိုးခြားများနှင့် တန်းတူပင်ဖြစ်သွားလေသည်။ (ဝတ်ပြုရာ ၁၈:၂၄-၂၈) ထိုအချိန်မှစ၍ လူ့စစ်မက်ရေးရာတွင် ဘုရားသခင်၏ထောက်မမှု ရရှိထားကြောင်း ကမ္ဘာပေါ်ရှိ အဘယ်လူမျိုးကမျှ အခိုင်အမာမဆိုနိုင်တော့ချေ။

ယေဟောဝါဘုရားသခင်သည် မိမိအား ဝတ်ပြုသူများကို အထူးသတ်မှတ်ထားသည့် တိုင်းပြည် သို့မဟုတ် အရပ်ဒေသတစ်ခု ပေးအပ်တော့မည်မဟုတ်ချေ။ သို့အစား ကိုယ်တော်၏ကျေးကျွန်များကို ကမ္ဘာပေါ်ရှိ ‘လူမျိုးများ၊ လူမျိုးနွယ်များ အားလုံး’ ထဲတွင် တွေ့ ရှိနိုင်သည်။—ဗျာ. ၇:၉; တမန်တော် ၁၀:၃၄၊ ၃၅

မိမိနောက်လိုက်များသည် စစ်မက်ရေးရာများတွင် ပါဝင်မည်မဟုတ်ကြောင်း ယေရှု အတိအလင်း ပြောပြခဲ့သည်။ ဂျေရုဆလင်မြို့ကို မကြာမီ တိုက်ခိုက်တော့မည်ဖြစ်ကြောင်း မိမိတပည့်များအား ကိုယ်တော် သတိပေးနေစဉ် ထိုတွင်နေ၍ စစ်တိုက်မည့်အစား ထွက်ပြေးပါဟု ညွှန်ကြားခဲ့သည်။ (မဿဲ ၂၄:၁၅၊ ၁၆) ထို့ကြောင့် ခရစ်ယာန်စစ်များသည် လက်နက်ကိုင် တိုက်ခိုက်မည့်အစား ဘုရားသခင့်နိုင်ငံတော်ကို အပြည့်အဝ ယုံကြည်ကိုးစားကြသည်။ ထိုနိုင်ငံတော်သည် ဤကမ္ဘာပေါ်ရှိ ဆိုးသွမ်းမှု မှန်သမျှကို မကြာမီ ဖယ်ရှားပေးတော့မည်။—ဒံယေလ ၂:၄၄၊ ၄၅; ယောဟန် ၁၈:၃၆

[စာမျက်နှာ ၁၅ ပါရုပ်ပုံ]

ဘုရားသခင့်စိတ်တော်နှင့် အမှန်တကယ် တွေ့လိုသူတိုင်းသည် ဘုရားသခင့်မျက်နှာသာ ရရှိနိုင်ကြောင်း ရာခပ်၏ပုံနမူနာက ဖော်ပြ