အမျိုးသမီးတွေကို ဘုရားသခင် ဂရုစိုက်ပါသလား
“အမျိုးသမီးတစ်ယောက်ကြောင့် အပြစ် စတင်လာပြီး သူ့ကြောင့် ကျွန်ုပ်တို့အားလုံး သေပွဲဝင်ကြရတယ်။” —ခရစ်နှစ်မတိုင်မီ ဒုတိယရာစု၊ အက်ကလီစီရာစတီကပ်စ် (အပေါခရစ်ဖယ်ကျမ်းတုမှ)။
“သင်ဟာ လူတွေကို သွေးဆောင် ဖြားယောင်းဖို့ စာတန်အသုံးပြုတဲ့ တံခါးပေါက်၊ သင်ဟာ တားမြစ်ထားတဲ့အသီးကို ဦးဆုံးစားတဲ့သူ၊ သင်ဟာ ဘုရားသခင့်ပညတ်ကို ဦးဆုံး ချိုးဖောက်သူ၊ သင်ဟာ ပထမဆုံး လူယောက်ျားကို အပြစ်ပြုဖို့ တွန်းပို့တဲ့သူဖြစ်တယ်။” —တာတူလျန်၊ ခရစ်နှစ် ဒုတိယရာစု၊ ON THE APPAREL OF WOMEN စာအုပ်မှ။
ရှေးကျတဲ့ အဲဒီကျမ်းစကားတွေဟာ သမ္မာကျမ်းစာထဲက မဟုတ်ပါဘူး။ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံတာ မှန်ကန်တယ်လို့ ယူဆဖို့အတွက် အဲဒီစကားတွေကို နှစ်ပေါင်းများစွာ အသုံးပြုလာခဲ့ကြတာပါ။ ကနေ့ခေတ်မှာလည်း အစွန်းရောက်ဝါဒီတချို့က အမျိုးသမီးတွေဟာ လူ့ပြဿနာတွေရဲ့ တရားခံဖြစ်တယ်လို့ ဆိုပြီး အမျိုးသမီးတွေကို အနိုင်ကျင့်ဖို့ ဘာသာရေးစာပေတချို့ကို ကိုးကားနေတုန်းပါပဲ။ အမျိုးသမီးတွေဟာ အမျိုးသားတွေရဲ့ မထီမဲ့မြင်ပြုမှုနဲ့ မတရား အနိုင်ကျင့်မှုကို ခံယူရမယ်ဆိုပြီး ဘုရားသခင် ရည်ရွယ်ထားသလား။ သမ္မာကျမ်းစာမှာ ဘယ်လို ဖော်ပြထားပါသလဲ။ ကြည့်ကြစို့။
ဘုရားသခင်က အမျိုးသမီးတွေကို ကျိန်စာတိုက်ထားသလား။
မတိုက်ထားပါဘူး။ တကယ်တော့ ဘုရားသခင်ရဲ့ “ကျိန်ခြင်း” ကို ခံရတဲ့သူက “စာတန်ခေါ် မူလမြွေ” ဖြစ်တယ်။ (ဗျာဒိတ် ၁၂:၉; ကမ္ဘာဦး ၃:၁၄) အာဒံဟာ သူ့ဇနီးကို “အုပ်စိုး” ရမယ်လို့ ဘုရားသခင် မိန့်ဆိုခဲ့တုန်းက အမျိုးသမီးဟာ အမျိုးသားပြုသမျှ နုရမယ်လို့ ဆိုလိုနေတာမဟုတ်ဘူး။ (ကမ္ဘာဦး ၃:၁၆) တကယ်တော့ ပထမဆုံး လူသားမောင်နှံ အပြစ်ပြုလိုက်တဲ့အတွက် ခံရမယ့် ဆိုးကျိုးတွေကို ဘုရားသခင် ကြိုပြောလိုက်တာ ဖြစ်တယ်။
ဒါကြောင့် အမျိုးသမီးတွေကို အနိုင်ကျင့်တာက လူ့မစုံလင်မှုကြောင့် ဖြစ်ပြီး အဲဒါက ဘုရားသခင့်အလိုတော်မဟုတ်ဘူး။ ဧဒင်ဥယျာဉ်မှာ ပြုခဲ့တဲ့ အပြစ်အတွက် ပေးဆပ်ဖို့ အမျိုးသမီးတွေဟာ အမျိုးသားတွေရဲ့ လက်အောက်မှာ နေရမယ်ဆိုတဲ့ ယူဆချက်ကို သမ္မာကျမ်းစာမှာ မဖော်ပြထားပါဘူး။—ရောမ ၅:၁၂။
အမျိုးသမီးကို အမျိုးသားထက် အဆင့်နိမ့်သူအဖြစ် ဘုရားသခင် ဖန်ဆင်းခဲ့သလား။
မဖန်ဆင်းခဲ့ပါဘူး။ ကျမ်းစာမှာ ဒီလို ဖော်ပြထားပါတယ်– “ဘုရားသခင်သည် မိမိပုံသဏ္ဌာန်နှင့်အညီ လူကို ဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ လူယောက်ျား၊ လူမိန်းမကို ဖန်ဆင်း [တော်မူ၏။]” (ကမ္ဘာဦး ၁:၂၇) ဒါကြောင့် ကမ္ဘာဦးကတည်းက လူယောက်ျားနဲ့ လူမိန်းမတို့ဟာ ဘုရားသခင်ရဲ့ အရည်အသွေးတွေကို ရောင်ပြန်ဟပ်နိုင်စွမ်းနဲ့ ဖန်ဆင်းခံခဲ့ရပါတယ်။ အာဒံနဲ့ဧဝတို့ဟာ သူတို့ရဲ့ စိတ်ခံစားချက်တွေ၊ ကိုယ်ခန္ဓာ ဖွဲ့စည်းတည်ဆောက်ပုံတွေ မတူပေမဲ့ ဘုရားသခင်ရဲ့ လမ်းညွှန်ချက်တွေကို အတူတူရရှိပြီး အခွင့်အရေးတွေလည်း တန်းတူ ရရှိထားကြပါတယ်။—ကမ္ဘာဦး ၁:၂၈-၃၁။
ဧဝကို ဘုရားသခင် မဖန်ဆင်းခင် ဒီလိုမိန့်ဆိုခဲ့တယ်– “သူ [အာဒံ] နှင့်တော်သော အထောက်အမကို သူ့ဖို့ ငါလုပ်ဦးမည်။” (ကမ္ဘာဦး ၂:၁၈) “အထောက်အမ” ဆိုတဲ့စကားက အမျိုးသမီးဟာ အမျိုးသားထက် အဆင့်နိမ့်တယ်ဆိုတဲ့ သဘောသက်ရောက်ပါသလား။ မသက်ရောက်ပါဘူး။ ခွဲစိတ်ခန်းဝင်နေတဲ့ ခွဲစိတ်ဆရာဝန်နဲ့ မေ့ဆေးဆရာဝန်တို့ အတွဲညီညီ ပူးပေါင်းလုပ်ဆောင်နေတာကို စဉ်းစားကြည့်နိုင်ပါတယ်။ ခွဲစိတ်မှုကို တစ်ယောက်တည်းနဲ့ လုပ်လို့ရပါသလား။ မရပါဘူး။ ခွဲစိတ်မှုကို ခွဲစိတ်ဆရာဝန်က ဆောင်ရွက်နေပေမဲ့ သူက ပိုပြီးအရေးပါတဲ့သူလို့ ပြောနိုင်ပါသလား။ မပြောနိုင်ပါဘူး။ အဲဒီလိုပါပဲ၊ ဘုရားသခင်က အမျိုးသားနဲ့ အမျိုးသမီးကို တစ်ယောက်နဲ့တစ်ယောက် ယှဉ်ပြိုင်ဖို့မဟုတ်ဘဲ အတွဲညီညီ ပူးပေါင်းလုပ်ဆောင်ဖို့ ဖန်ဆင်းထားတာဖြစ်တယ်။—ကမ္ဘာဦး ၂:၂၄။
အမျိုးသမီးတွေကို ဘုရားသခင် ဂရုစိုက်တယ်ဆိုတာ ဘာက ဖော်ပြပါသလဲ။
အပြစ်ပြုတတ်တဲ့ လူသားတွေ လုပ်ဆောင်မယ့်အရာကို ဘုရားသခင် ကြိုမြင်တဲ့အတွက် အမျိုးသမီးတွေကို ကာကွယ်ပေးဖို့ မိမိရဲ့ရည်ရွယ်ချက်ကို အစောပိုင်းကတည်းက ဖော်ပြခဲ့တယ်။ ခရစ်နှစ်မတိုင်မီ ၁၆ ရာစုမှာ ပြဋ္ဌာန်းခဲ့တဲ့ မောရှေပညတ်နဲ့ပတ်သက်ပြီး စာရေးဆရာမ လော်ရာ အေနော့ဒ်က သူ့ရဲ့စာအုပ် (The Bible in the Feminine Gender) ထဲမှာ ဒီလိုဖော်ပြထားတယ်– “မောရှေပညတ်ထဲမှာ အမျိုးသမီးတွေအကြောင်း ပြောဆိုတဲ့အခါ သူတို့ကို ကာကွယ်ပေးပါဆိုပြီး နေရာအများစုမှာ ဖော်ပြထားတယ်။”
ဥပမာ၊ ဖခင်ကိုရော မိခင်ကိုပါ ဂုဏ်တင်လေးစားပါဆိုပြီး ပညတ်ထဲမှာ ဖော်ပြထားတယ်။ (ထွက်မြောက်ရာ ၂၀:၁၂; ၂၁:၁၅၊ ၁၇) ဒါ့အပြင် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကို ထောက်ထားစာနာပေးပါ ဆိုပြီးတော့လည်း တောင်းဆိုထားတယ်။ (ထွက်မြောက်ရာ ၂၁:၂၂) ကနေ့ခေတ်မှာတောင် အဲဒီဘုရားသခင့် ပညတ်တွေကနေရရှိတဲ့ ကာကွယ်မှုက ကမ္ဘာ့နိုင်ငံ အတော်များများက အမျိုးသမီးတွေ မရရှိတဲ့ ဥပဒေဆိုင်ရာ အခွင့်အရေးတွေနဲ့ သိသိသာသာကို ဆန့်ကျင်ဘက်ဖြစ်နေတုန်းပါပဲ။ ဒါပေမဲ့ အမျိုးသမီးတွေကို ဘုရားသခင် ဂရုစိုက်တယ်ဆိုတာကို ဒီထက်မက သိရပါဦးမယ်။
အမျိုးသမီးတွေအပေါ် ဘုရားသခင့်အမြင်ကို ရောင်ပြန်ဟပ်တဲ့ ပညတ်
အစ္စရေးလူတွေကို ဘုရားသခင်ပေးခဲ့တဲ့ ပညတ်က အမျိုးသားရော အမျိုးသမီးပါ ကာယရေးအရ အကျိုးခံစားရအောင်၊ ကိုယ်ကျင့်တရား စင်ကြယ်စွာ နေထိုင်တတ်အောင်၊ ယေဟောဝါဘုရားသခင်နဲ့ ရင်းနှီးမှုရှိအောင် ကူညီပေးခဲ့ပါတယ်။ ပညတ်တွေကို နာခံလိုက်လျှောက်နေသမျှ ကာလပတ်လုံး အစ္စရေးလူတွေဟာ ‘လူမျိုးတကာတို့ထက် ချီးမြှောက်’ ခံရမှာဖြစ်တယ်။ (တရားဟောရာ ၂၈:၁၊ ၂) ပညတ်တရားအရ အမျိုးသမီးတစ်ယောက်ရဲ့ အနေအထားက ဘယ်လိုလဲ။ အောက်ပါတို့ကို သုံးသပ်ကြည့်ပါ။
၁။ ကိုယ်ပိုင်လွတ်လပ်ခွင့်။ ရှေးခေတ်က တိုင်းတစ်ပါးအမျိုးသမီးတွေနဲ့ မတူဘဲ အစ္စရေးအမျိုးသမီးတွေဟာ လွတ်လပ်မှု အတော်များများ ရရှိထားကြပါတယ်။ လင်ယောက်ျားက အိမ်ထောင်ဦးစီးဖြစ်ပေမဲ့ ဇနီးဖြစ်သူက ခင်ပွန်းသည်ရဲ့ ယုံကြည်ကိုးစားမှုကို အပြည့်အဝ ရရှိပြီး “ကောင်းမွန်စွာ ဆင်ခြင်၍ လယ်ကွက်ကို ဝယ်ယူ” နိုင်တယ်။ ပြီးရင် “စပျစ်ဥယျာဉ်ကို ပြုစု” နိုင်တယ်။ တကယ်လို့ သူဟာ ဗိုင်းငင်ပြီး အထည်ရက်တတ်တယ်ဆိုရင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတောင် ထူထောင်နိုင်ပါသေးတယ်။ (သုတ္တံ ၃၁:၁၁၊ ၁၆-၁၉) မောရှေပညတ်အရ အမျိုးသမီးတွေဟာ ကိုယ်ပိုင်အခွင့်အရေး ရှိထားတဲ့သူတွေအဖြစ် သတ်မှတ်ခံရပါတယ်။
ဒါ့အပြင် ရှေးခေတ်က အစ္စရေးအမျိုးသမီးတွေဟာ ဘုရားသခင်နဲ့ ရင်းနှီးမှုလည်း ရှိခဲ့ကြပါတယ်။ ကျမ်းစာမှတ်တမ်းအရ အစ္စရေးအမျိုးသမီး ဟန္နဟာ ကိုယ်ရေးကိုယ်တာကိစ္စအတွက် ဘုရားသခင်ထံ ဆုတောင်းပြီး တိတ်တဆိတ် သစ္စာကတိပြုခဲ့တယ်။ (၁ ဓမ္မရာဇဝင် ၁:၁၁၊ ၂၄-၂၈) ရှုနင်မြို့သူ အမျိုးသမီးတစ်ယောက်လည်း သတ္တမနေ့တွေမှာ ပရောဖက် (ကြိုဟောသူ) ဧလိရှဲထံသွားပြီး တိုင်ပင်ဆွေးနွေးလေ့ရှိတယ်။ (၄ ဓမ္မရာဇဝင် ၄:၂၂-၂၅) ဘုရားသခင်ဟာ ဒေဗောရနဲ့ ဟုလဒတို့လို အမျိုးသမီးတွေကိုလည်း ကိုယ်တော်ရဲ့ ကိုယ်စားလှယ်တွေအဖြစ် အသုံးပြုခဲ့တယ်။ ထင်ပေါ်ကျော်ကြားတဲ့ အမျိုးသားတွေနဲ့ ယဇ်ပုရောဟိတ်တွေဟာ အဲဒီအမျိုးသမီးတွေဆီ အကြံဉာဏ်တောင်းခံဖို့ တလိုတလားရှိကြတာကလည်း စိတ်ဝင်စားစရာပါပဲ။—တရားသူကြီး ၄:၄-၈; ၄ ဓမ္မရာဇဝင် ၂၂:၁၄-၁၆၊ ၂၀။
၂။ ပညာသင်ယူခွင့်။ အမျိုးသမီးတွေလည်း မောရှေပညတ်အောက်မှာ ရှိတဲ့အတွက် ပညတ်တွေဖတ်ရှုတဲ့အခါ လာနားထောင်ဖို့ ဖိတ်ခေါ်ခံရတယ်။ အဲဒါက သူတို့ကို သင်ယူဖို့ အခွင့်အရေးရရှိစေပါတယ်။ (တရားဟောရာ ၃၁:၁၂; နေဟမိ ၈:၂၊ ၈) ဒါ့အပြင် လူအများနဲ့ဝတ်ပြုရတဲ့ အစီအစဉ်တွေမှာ ပါဝင်ဖို့လည်း လေ့ကျင့်ပေးခံခဲ့ရတယ်။ ဥပမာ၊ အမျိုးသမီးတချို့ဟာ တဲတော်မှာ အမှုဆောင်ဖို့ ဖွဲ့စည်းခံခဲ့ရနိုင်ဖွယ်ရှိပြီး တချို့ကတော့ သီချင်းဆိုတဲ့အဖွဲ့မှာ ပါဝင်ခဲ့ကြတယ်။—ထွက်မြောက်ရာ ၃၈:၈; ၁ ရာဇဝင်ချုပ် ၂၅:၅၊ ၆။
အမျိုးသမီး တော်တော်များများမှာ စီးပွားရေးလုပ်ငန်း ထူထောင်ဖို့ လိုအပ်တဲ့ အသိပညာနဲ့ ကျွမ်းကျင်မှုတွေ ရှိထားကြတယ်။ (သုတ္တံ ၃၁:၂၄) ဖခင်ကပဲ သားတွေကို သွန်သင်ပေးရမယ်ဆိုတဲ့ အဲဒီခေတ်က လူမျိုးခြား ယဉ်ကျေးမှုတွေနဲ့မတူဘဲ အစ္စရေးမိခင်တွေဟာ ကိုယ့်သားတွေကို အရွယ်ရောက်တဲ့အထိ ဖခင်တွေနဲ့အတူ သွန်သင်ပေးခဲ့ကြတယ်။ (သုတ္တံ ၃၁:၁) ဒါကိုကြည့်ခြင်းအားဖြင့် ရှေးခေတ်အစ္စရေး အမျိုးသမီးတွေဟာ ပညာမတတ်တဲ့သူတွေ မဟုတ်ဘူးဆိုတာ ထင်ရှားတယ်။
ထွက်မြောက်ရာ ၂၀:၁၂) ရှေးခေတ်အစ္စရေးဘုရင် ရှောလမုန်ရဲ့ ဆုံးမစကားမှာလည်း ဒီလိုဖတ်ရတယ်– “ငါ့သား အဘ၏ ဆုံးမခြင်းကို နာခံလော့။ အမိ၏သွန်သင်ခြင်းကိုလည်း မပယ်နှင့်။”—သုတ္တံ ၁:၈၊ သမ္မာ။
၃။ ဂုဏ်တင်လေးစားခံရ။ “သင်၏မိဘကို ရိုသေစွာပြုလော့” ဆိုပြီး ပညတ်တော်ဆယ်ပါးမှာ ရှင်းရှင်းလင်းလင်း ပြဋ္ဌာန်းထားပါတယ်။ (အပျိုလူပျို အချင်းချင်း ပြုမူဆက်ဆံရာမှာ အမျိုးသမီးတွေကို ရိုသေလေးစားဖို့ မောရှေပညတ်မှာ အသေးစိတ်စည်းမျဉ်းတွေ ဖော်ပြထားတယ်။ (ဝတ်ပြုရာ ၁၈:၆၊ ၉; တရားဟောရာ ၂၂:၂၅၊ ၂၆) လင်ယောက်ျားကောင်းတစ်ဦးဟာ ကိုယ့်ဇနီးသည်ရဲ့ ကာယရေးနဲ့ သွေးသားဆိုင်ရာ အားနည်းမှုတွေကို ထည့်တွက်စဉ်းစားပေးရမှာဖြစ်တယ်။—ဝတ်ပြုရာ ၁၈:၁၉။
၄။ ရပိုင်ခွင့် ကာကွယ်ပေးခံရ။ ယေဟောဝါဘုရားသခင်ဟာ “အဘမရှိသောသူတို့၏ အဘ၊ မုဆိုးမတို့ဘက်မှာ တရားသူကြီး” ဖြစ်တယ်လို့ ကျမ်းစာမှာ ဖော်ပြထားပါတယ်။ တစ်နည်းနဲ့ပြောရမယ်ဆိုရင် ကိုယ်တော်ဟာ ဖတဆိုးလေးတွေ ဒါမှမဟုတ် မုဆိုးမတွေရဲ့ ရပိုင်ခွင့်တွေကို ကာကွယ်ပေးတဲ့အရှင် ဖြစ်ပါတယ်။ (ဆာလံ ၆၈:၅၊ သမ္မာ; တရားဟောရာ ၁၀:၁၇၊ ၁၈) ဖြစ်ရပ်တစ်ခုမှာ ကွယ်လွန်သူပရောဖက်တစ်ဦးရဲ့ ဇနီးက ကြွေးရှင်တစ်ဦးရဲ့ အနိုင်ကျင့်မှုကို ခံရတဲ့အခါ သိက္ခာရှိရှိ သူဆက်ရပ်တည်နိုင်အောင် ယေဟောဝါဘုရားသခင်က အံ့ဖွယ်အမှုပြုလုပ်ပြီး ကြားဝင်ဖြေရှင်းပေးခဲ့တယ်။—၄ ဓမ္မရာဇဝင် ၄:၁-၇။
ကတိထားရာပြည်ဖြစ်တဲ့ ခါနာန်ပြည်ထဲကို အစ္စရေးလူတွေ မဝင်ရောက်ခင် မိသားစုတစ်စုရဲ့ ဦးစီးဖြစ်သူ ဇလောဖဒ်ဟာ သားတစ်ယောက်မှမရှိဘဲ ကွယ်လွန်သွားတယ်။ ဒါနဲ့ ကျန်ရစ်တဲ့ သမီးငါးယောက်က ကတိထားရာပြည်ရောက်ရင် သူတို့ကိုလည်း “အမွေ” ပေးပါလို့ မောရှေကို တောင်းဆိုကြတယ်။ ယေဟောဝါဘုရားသခင်က သူတို့တောင်းတာထက် ပိုပြီးပေးခဲ့တယ်။ မောရှေကို ဘုရားသခင် ဒီလိုမိန့်မှာခဲ့တယ်– “သူတို့အဘ၏ ညီအစ်ကိုတို့နှင့်အတူ အမွေခံရသောအခွင့်ကို ပေးရမည်။ သူတို့အဘ၏ အမွေဥစ္စာကို သူတို့လက်သို့ ရောက်စေရမည်။” အဲဒီအချိန်ကစပြီး အစ္စရေးအမျိုးသမီးတွေဟာ သူတို့ဖခင်ဆီကနေ အမွေဆက်ခံခွင့်ရှိပြီး သားစဉ်မြေးဆက်တွေကိုပါ လက်ဆင့်ကမ်းခွင့် ရရှိသွားကြတယ်။—တောလည်ရာ ၂၇:၁-၈။
အမျိုးသမီးတွေအပေါ် ဘုရားသခင့်အမြင် တလွဲဖော်ပြခံရ
မောရှေပညတ်အရ အစ္စရေးအမျိုးသမီးတွေဟာ ဂုဏ်အသရေရှိ အနေအထားမှာ ရှိတဲ့အပြင် သူတို့ရဲ့ အခွင့်အရေးတွေလည်း လေးစားခံရကြတယ်။ ဒါပေမဲ့ ခရစ်နှစ်မတိုင်ခင် လေးရာစုကနေစပြီး ဂျူးဘာသာကို ဂရိယဉ်ကျေးမှု စတင်လွှမ်းမိုးလာတဲ့အခါ အမျိုးသမီးတွေကို အဆင့်နိမ့်တဲ့သူတွေအဖြစ် ယူမှတ်ခဲ့ကြတယ်။—“ရှေးခေတ်စာပေတွေမှာ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံဖို့ ဖော်ပြထား” ဆိုတဲ့ လေးထောင့်ကွက်ကို ကြည့်ပါ။
ဥပမာ၊ အမျိုးသမီးတွေကြောင့် လူသားတွေ ဒုက္ခရောက်ရတယ်ဆိုပြီး ဂရိကဗျာဆရာ ဟီစီယဒ် (ခရစ်နှစ်မတိုင်ခင် ရှစ်ရာစု) က အပြစ်ဆိုခဲ့တယ်။ “အမျိုးသမီးတွေဟာ အသက်အန္တရာယ်ပေးတဲ့သူတွေပဲ၊ အမျိုးသားတွေကြားထဲမှာနေပြီး အရမ်း ဒုက္ခပေးတယ်” ဆိုပြီး သူ့ရဲ့စာအုပ် (Theogony) ထဲမှာ ဖော်ပြထားတယ်။ အဲဒီယူဆချက်ဟာ ခရစ်နှစ်မတိုင်ခင် ဒုတိယရာစုအစောပိုင်းက ဂျူးဘာသာမှာ ရေပန်းစားလာခဲ့တယ်။ တာလ်မွဒ်ကျမ်းမှာ အမျိုးသားတွေကို ဒီလိုသတိပေးထားတယ်– “အမျိုးသမီးတွေနဲ့ စကားများများမပြောရ။ သူတို့နဲ့စကားပြောရင် အကျင့်ပျက်ပြားဖို့ လမ်းစပွင့်သွားလိမ့်မယ်။”
ရာစုနှစ်များတစ်လျှောက် အဲဒီယူဆချက်ကြောင့် ဂျူးအသိုင်းအဝိုင်းမှာရှိတဲ့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍအပေါ် အကြီးအကျယ် ထိခိုက်သွားတယ်။ ယေရှုခေတ်ကိုရောက်တော့ ဂျေရုဆလင်ဝတ်ပြုရာအိမ်တော်မှာ အမျိုးသမီးရင်ပြင်ဆိုပြီး သတ်သတ်ခွဲခြားထားပြီးနေပြီ။ အမျိုးသမီးတွေဟာ အဲဒီရင်ပြင်လောက်ပဲ ဝင်ခွင့်ရှိတယ်။
ဘာသာရေးသွန်သင်ချက်တွေကို အမျိုးသားတွေပဲ ရရှိကြတယ်။ ဂျူးတရားဟောရာနေရာမှာဆိုရင်လည်း အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ သတ်သတ်စီ ထိုင်ခဲ့ရဖွယ်ရှိတယ်။ သမီးတွေကို တိုရာ [ပညတ်] မသင်ပေးသင့်ဘူးဆိုတဲ့ ဂျူးဘာသာရေးဆရာတစ်ယောက်ရဲ့ စကားကို တာလ်မွဒ်ကျမ်းထဲမှာ ဖော်ပြထားတယ်။ အမျိုးသမီးတွေအပေါ် ဘုရားသခင့်အမြင်ကို တလွဲဖော်ပြခြင်းအားဖြင့် ဂျူးဘာသာရေးခေါင်းဆောင်တွေဟာ အမျိုးသမီးတွေကို မထီလေးစားလုပ်ဖို့ အမျိုးသားများစွာကို သွန်သင်ပေးခဲ့ကြတယ်။ယေရှု ကမ္ဘာပေါ်ရှိတုန်းက ထုံးတမ်းဓလေ့တွေမှာ အဲဒီလိုလွဲမှားတဲ့ အမြင်မျိုး အမြစ်တွယ်နေတာကို သတိပြုမိခဲ့တယ်။ (မဿဲ ၁၅:၆၊ ၉; ၂၆:၇-၁၁) အဲဒီလိုသွန်သင်ချက်တွေက အမျိုးသမီးတွေအပေါ် ယေရှုရဲ့ ပြုမူပုံကို လွှမ်းမိုးခဲ့သလား။ ကိုယ်တော်ရဲ့ အပြုအမူနဲ့ သဘောထားတွေကနေ ဘာတွေ သင်ယူနိုင်ပါသလဲ။ စစ်မှန်တဲ့ခရစ်ယာန်ဘာသာက အမျိုးသမီးတွေကို စိတ်သက်သာရာရစေခဲ့ပြီလား။ ဒီမေးခွန်းတွေကို နောက်ဆောင်းပါးမှာ ဖြေဆိုသွားပါမယ်။