မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးဆောင်းပါး | စိုးရိမ်ပူပန်မှုတွေ ဘယ်လိုပြေပျောက်နိုင်မလဲ

မိသားစုအတွက် စိုးရိမ်ပူပန်ခြင်း

မိသားစုအတွက် စိုးရိမ်ပူပန်ခြင်း

“အဖေဆုံးပြီးမကြာခင်မှာ တစ်ပူပေါ်နှစ်ပူဆင့်သလို ကျွန်မယောက်ျားက အချစ်သစ် တွေ့နေပြီလို့ပြောလာတယ်။ သိပ်မကြာခင် သူ့အခန်းထဲက ပစ္စည်းတွေအကုန်ယူပြီး နှုတ်တောင်မဆက်ဘဲ ထွက်သွားတယ်။ ကျွန်မနဲ့ ကလေးနှစ်ယောက်ကိုတော့ ဖြစ်ချင်ရာဖြစ်ဆိုပြီး ပစ်ထားခဲ့တယ်” လို့ ဂျဲနက်ပြောပြတယ်။ အလုပ်တစ်ခုတော့ ဂျဲနက် ရပါရဲ့၊ ဒါပေမဲ့ အိမ်လခပေးဖို့ ဘယ်လောက်မလဲ။ ဒါကြောင့် အရင်ကထက် စီးပွားရေး ပိုကျပ်တည်းလာတယ်။ “ရှိရှိသမျှတာဝန်တွေက ကျွန်မခေါင်းပေါ် ပုံကျလာတော့ စိုးရိမ်စိတ်တွေ တအားဝင်လာပြီး သေသာသေလိုက်ချင်တော့တယ်။ တခြားမိဘတွေလို ကလေးတွေကို ကောင်းကောင်း မထားနိုင်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိတယ်လို့ ခံစားနေရတယ်။ အခုဆိုရင် ကျွန်မတို့မိသားစုလေးကို လူတွေ ဘယ်လိုမြင်မလဲဆိုပြီး စိုးရိမ်လာတယ်။ အိမ်ထောင်မပြိုကွဲအောင် လုပ်သင့်လုပ်ထိုက်ရာအားလုံး ကျွန်မဘက်က လုပ်ခဲ့ရဲ့လားလို့ သူတို့ တွေးနေကြမလား” ဆိုပြီး ဂျဲနက် ပြန်ပြောရှာတယ်။

ဂျဲနက်

ဂျဲနက်က ဘုရားအားကိုးပြီး ဆုတောင်းတာကြောင့် ခံစားချက်တွေကို ထိန်းချုပ်နိုင်ပြီး ဘုရားနဲ့လည်း ရင်းနှီးကျွမ်းဝင်လာတယ်။ “ညအချိန်က ကျွန်မအတွက်တော့ တုန်လှုပ်ချောက်ချားစရာပဲ။ ပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်လွန်းတော့ တောင်တွေးမြောက်တွေးပြီး စိုးရိမ်စိတ်တွေဝင်လာတယ်။ ကျမ်းစာဖတ်ပြီး ဆုတောင်းလိုက်တဲ့အခါ ကျွန်မ အိပ်ပျော်သွားပါတယ်။ ကျွန်မအကြိုက်ဆုံး ကျမ်းချက်ကတော့ ဖိလိပ္ပိ ၄:၆၊ ၇ ပါပဲ– ‘မည်သည့်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာတွင် ကျေးဇူးတော် ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းခြင်း၊ တိုးလျှိုးအသနားခံခြင်းအားဖြင့် သင်တို့ အသနားခံလိုသောအရာများကို ဘုရားသခင်ထံ ကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် စဉ်းစား၍မမီနိုင်သည့် ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် သင်တို့၏စိတ်နှလုံးနှင့် ဉာဏ်တို့ကို စောင့်ရှောက်လိမ့်မည်။’ ညပေါင်းများစွာ ဆုတောင်းရင်းနဲ့ပဲ အချိန်ကုန်သွားပါတယ်။ ကျွန်မ စိတ်ငြိမ်သက်မှုရအောင် ယေဟောဝါဘုရား ခွန်အားပေးခဲ့ပါတယ်။”

ဆုတောင်းချက်နဲ့ပတ်သက်ပြီး ယေရှုပြောခဲ့တဲ့ အားရှိဖွယ် ဒီစကားတွေက စိုးရိမ်ပူပန်မှုရှိသမျှနဲ့လည်း သက်ဆိုင်ပါတယ်– “သင်တို့၏အဖ ဘုရားသခင်သည် သင်တို့လိုအပ်သည့်အရာများကို မတောင်းမီကပင် သိတော်မူ၏။” (မဿဲ ၆:၈) ဒါပေမဲ့ ကျွန်ုပ်တို့ဘက်က ဘုရားသခင်ဆီ ဆုတောင်းနေဖို့လိုတယ်။ ဆုတောင်းခြင်းက “ဘုရားသခင်ထံတော်သို့ ချဉ်းကပ်” နိုင်ဖို့ အဓိကကျတဲ့ နည်းလမ်းဖြစ်တယ်။ ဆုတောင်းရင် ဘာအကျိုးရမလဲ။ “ကိုယ်တော်သည်လည်း သင်တို့ထံ ချဉ်းကပ်တော်မူလိမ့်မည်။”—ယာကုပ် ၄:၈

ဆုတောင်းတာက ကိုယ့်ရဲ့စိုးရိမ်ပူပန်မှုကို ရင်ဖွင့်လိုက်လို့ စိတ်သက်သာရာရသွားတာလောက်ပဲ မဟုတ်ပါဘူး။ ‘ဆုတောင်းသံကို နားထောင်’ တဲ့အရှင် ယေဟောဝါဘုရားကလည်း မိမိအပေါ် ယုံကြည်ကိုးစားသူတွေကို ကူညီပေးပါတယ်။ (ဆာလံ ၆၅:၂) ဒါကြောင့် ယေရှုက တပည့်တွေကို “အားမလျှော့ဘဲ အစဉ်မပြတ် ဆုတောင်း” ဖို့သင်ပေးခဲ့ပါတယ်။ (လုကာ ၁၈:၁) ကိုယ့်ရဲ့ ယုံကြည်ခြင်းကို ဘုရားသခင် ဆုချမယ်ဆိုတဲ့ ယုံကြည်စိတ်ချမှုနဲ့ ကျွန်ုပ်တို့ကို လမ်းညွှန်ပေးဖို့၊ ကူညီပေးဖို့ အမြဲဆုတောင်းနေရမယ်။ ဘုရားသခင်ရဲ့ ကူညီပေးချင်တဲ့စိတ်နဲ့ ကူညီပေးနိုင်စွမ်းကို ဘယ်တော့မှ သံသယမဝင်ပါနဲ့။ “မခြားမလပ် ဆုတောင်း” တာက ကျွန်ုပ်တို့မှာ စစ်မှန်တဲ့ယုံကြည်ခြင်းရှိကြောင်း ဖော်ပြနေတာပါ။—၁ သက်သာလောနိတ် ၅:၁၇

စစ်မှန်တဲ့ယုံကြည်ခြင်းရှိတယ်ဆိုတာ ဘာကိုဆိုလို

စစ်မှန်တဲ့ယုံကြည်ခြင်းဆိုတာ ဘာလဲ။ ယုံကြည်ခြင်းမှာ ဘုရားသခင်ကို တကယ်တည်ရှိတဲ့ ပုဂ္ဂိုလ်တစ်ပါးအဖြစ် “သိကျွမ်းခြင်း” ပါဝင်တယ်။ (ယောဟန် ၁၇:၃ခမ) အဲလိုသိကျွမ်းဖို့ ကျမ်းစာလေ့လာပြီး ဘုရားရဲ့ စဉ်းစားတွေးခေါ်ပုံကို သိရှိလာအောင် အရင်ဆုံးလုပ်ရမယ်။ အဲဒီအခါ ကိုယ်တော်က ကျွန်ုပ်တို့တစ်ယောက်ချင်းစီကို ဂရုစိုက်တယ်၊ ကူညီပေးချင်တယ်ဆိုတာ သိလာပါလိမ့်မယ်။ ဒါပေမဲ့ စစ်မှန်တဲ့ယုံကြည်ခြင်းမှာ ဘုရားအကြောင်း သိရုံလောက်သာမကဘူး။ ဘုရားနဲ့ကျွန်ုပ်တို့ကြား ခင်မင်ရင်းနှီးတဲ့နှောင်ကြိုးလည်း ရှိရမယ်။ လူအချင်းချင်းတောင် အဲဒီလိုနှောင်ကြိုးမျိုး နေ့ချင်းညချင်း ရလာမှာမဟုတ်ပါဘူး။ ဘုရားအကြောင်း ပိုသိလာတာနဲ့အမျှ၊ ကိုယ်တော် “နှစ်သက်တော်မူရာများကို” လုပ်ဆောင်လာတာနဲ့အမျှ၊ ကိုယ်တော်ရဲ့ ဖေးမမှုကို ခံစားလာရတာနဲ့အမျှ ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်း “တိုးပွား” လာမှာဖြစ်တယ်။ (၂ ကောရိန္သု ၁၀:၁၅; ယောဟန် ၈:၂၉) အဲဒီလိုယုံကြည်ခြင်းမျိုးကပဲ စိုးရိမ်ပူပန်မှုတွေ ပြေပျောက်သွားနိုင်အောင် ဂျဲနက်ကို ကူညီပေးခဲ့တာပါ။

“ယေဟောဝါဘုရားအပေါ် ကျွန်မ ပိုပြီးယုံကြည်လာရတာက ကိုယ်တော်ဟာ ကိစ္စရပ်တိုင်းကို သိမြင်တယ်ဆိုတဲ့ အချက်ကြောင့်ပါပဲ။ ဖြေရှင်းနိုင်ပုံမပေါက်တဲ့ မတရားမှုတွေကို ကျွန်မတို့ ခဏခဏကြုံခဲ့ရတယ်။ များများဆုတောင်းတဲ့အခါ ကျွန်မ ဘယ်လိုမှ မျှော်မှန်းမထားတဲ့ပုံစံနဲ့ လွတ်မြောက်ရာလမ်းကို ယေဟောဝါဘုရား အမြဲပြင်ဆင်ပေးတယ်။ ကျွန်မအတွက် ဘုရားသခင် ဘယ်လောက်ထိတောင် ကူညီပေးခဲ့သလဲဆိုတာ တွေးမိတိုင်း ကိုယ်တော်ကို ကျေးဇူးတင်လိုက်တာ။ ကိုယ်တော်က ကျွန်မ လိုအပ်နေချိန်မှာ အချိန်ကိုက်ပဲ အမြဲတမ်းကူညီပေးတယ်။ ကျွန်မအတွက် မိတ်ဆွေစစ်တွေဖြစ်တဲ့ ခရစ်ယာန်ညီအစ်ကို၊ ညီအစ်မတွေပေးထားတယ်။ သူတို့က ကျွန်မကို အမြဲကူညီပေးပြီး ကလေးတွေအတွက်လည်း အတုယူထိုက်တဲ့သူတွေဖြစ်တယ်။” *

“‘မယားကိုစွန့်ခြင်းအမှု’ ကို ယေဟောဝါဘုရား ဘာကြောင့်မုန်းရလဲဆိုတာ ကျွန်မသိပါတယ်။ (မာလခိ ၂:၁၆) အပြစ်မဲ့တဲ့အိမ်ထောင်ဖက်က သစ္စာဖောက်မှုဒဏ်ကို လူးလိမ့်နေအောင် ခံစားရပါတယ်။ ကျွန်မယောက်ျား စွန့်ပစ်သွားတာ နှစ်ပေါင်းများစွာ ကြာနေတာတောင်မှ တစ်ခါတလေ အထီးကျန်စိတ်တွေ၊ တန်ဖိုးမဲ့တဲ့စိတ်တွေ ဖြစ်နေတုန်းပဲ။ အဲလိုဖြစ်လာတိုင်း တစ်ယောက်ယောက်ကို ကြိုးစားကူညီပေးလိုက်တဲ့အခါ ကျွန်မ စိတ်သက်သာရာရသွားတယ်။” တစ်သီးပုဂ္ဂလမနေပါနဲ့ဆိုတဲ့ ကျမ်းစာလမ်းညွှန်ချက်ကို ဂျဲနက် ကျင့်သုံးခဲ့တာကြောင့် စိုးရိမ်ပူပန်မှုတွေ ပြေလျော့သွားပါတယ်။ *သုတ္တံ ၁၈:၁

ဘုရားသခင်က “မိဘမရှိသောသူတို့၏အဘဖြစ်၍ မုဆိုးမတို့ဘက်မှာ တရားစီရင်တော်မူ၏။”—ဆာလံ ၆၈:၅

“ကျွန်မကို နှစ်သိမ့်မှုအပေးဆုံးက ဘုရားသခင်ဟာ ‘မိဘမရှိသောသူတို့၏အဘဖြစ်၍ မုဆိုးမတို့ဘက်မှာ တရားစီရင်တော်မူ၏’ ဆိုတဲ့အချက်ပါပဲ။ ကျွန်မယောက်ျား စွန့်ပစ်ခဲ့သလို ဘုရားသခင်က ကျွန်မတို့ကို ဘယ်တော့မှ စွန့်ပစ်မှာမဟုတ်ပါဘူး။” (ဆာလံ ၆၈:၅) ဘုရားသခင်က ကျွန်ုပ်တို့ကို “မကောင်းသောအမှု” တွေနဲ့ မစမ်းသပ်မှန်း ဂျဲနက် သိရှိခဲ့တယ်။ အဲဒီအစား၊ ဘုရားသခင်က “လူအပေါင်းကို” ဉာဏ်ပညာ “ရက်ရောစွာပေး” သနားတဲ့အပြင် စိုးရိမ်ပူပန်မှုတွေကို ဖြေရှင်းနိုင်အောင် “သာမန်ထက် ထူးကဲသောတန်ခိုးတော်” ကိုလည်း ပေးထားပါတယ်။—ယာကုပ် ၁:၅၊ ၁၃; ၂ ကောရိန္သု ၄:၇

ဒါပေမဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်ပူပန်နေတယ်ဆိုရင်ကော။

^ စာပိုဒ်၊ 10 စိုးရိမ်ပူပန်မှုတွေကို ရင်ဆိုင်ဖြေရှင်းနိုင်မယ့် လက်တွေ့ကျနည်းလမ်းတွေကို ထပ်သိချင်တယ်ဆိုရင် ၂၀၁၅၊ ဇူလိုင်လထုတ် နိုးလော့! မှာပါတဲ့ “ဘဝအခြေအနေနောက် ရေစုန်မျောလိုက်တာ ဖြေရှင်းနည်းလား” ဆိုတဲ့ ဆောင်းပါးကိုဖတ်ပါ။ www.pr2711.com/mya ဝက်ဘ်ဆိုက်မှာလည်း ကူးယူဖတ်ရှုနိုင်ပါတယ်။