မြည်တမ်းစကား ၅:၁-၂၂
၅ အို ယေဟောဝါ၊ ကျွန်တော်တို့ ဘာတွေကြုံနေရတယ်ဆိုတာ သတိရပေးပါ။ ကျွန်တော်တို့အရှက်ကွဲနေရတာကို မြင်လှည့်ပါ။+
၂ ကျွန်တော်တို့ရဲ့အမွေဟာ သူစိမ်းတွေဆီ၊ အိမ်တွေဟာ လူမျိုးခြားတွေဆီ ရောက်သွားပြီ။+
၃ ကျွန်တော်တို့ဟာ မိဘမဲ့တွေ၊ ဖတဆိုးလေးတွေ ဖြစ်နေပြီ။ အမေတွေလည်း မုဆိုးမလို ဖြစ်နေပြီ။+
၄ ငွေပေးပြီး ရေကို ပြန်ဝယ်သောက်နေရတယ်။+ ထင်းကိုလည်း ဝယ်ရတယ်။
၅ ရန်သူတွေ ကျွန်တော်တို့ကို ဖမ်းမိတော့မယ်။ ကျွန်တော်တို့ နွမ်းလျနေပေမဲ့ လုံးဝမနားရဘူး။+
၆ လောက်ငရုံ စားရဖို့အရေး အီဂျစ်နဲ့+ အဆီးရီးယားဆီ+ လက်ဖြန့်တောင်းနေရတယ်။
၇ အပြစ်ကျူးလွန်ခဲ့တဲ့ ဘိုးဘေးတွေ မရှိတော့ပေမဲ့ သူတို့ရဲ့ အမှားတွေအတွက် ကျွန်တော်တို့ ခံနေရတယ်။
၈ အခုတော့ ကျွန်တွေက ကျွန်တော်တို့ကို အုပ်ချုပ်နေတယ်။ သူတို့လက်ကနေ ကယ်မယ့်သူ မရှိဘူး။
၉ တောကန္တာရထဲက ဓားဘေးကြောင့် ကျွန်တော်တို့ အသက်ကိုရင်းပြီး စားစရာ ရှာနေရတယ်။+
၁၀ ဆာလွန်းလို့ အရေပြားဟာ မီးဖိုကြီးလို ပူလောင်နေတယ်။+
၁၁ ဇိအုန်မှာရှိတဲ့ ဇနီးသည်တွေ၊ ယုဒမြို့တွေမှာရှိတဲ့ အပျိုစင်တွေကို သူတို့ စော်ကားကြတယ်။+
၁၂ မင်းညီမင်းသားတွေရဲ့လက်ကို ကြိုးနဲ့ချည်ပြီး ချိတ်ဆွဲထားကြတယ်။+ အကြီးအကဲတွေကိုလည်း မလေးစားကြဘူး။+
၁၃ လူငယ်တွေ ကြိတ်ဆုံကျောက် ထမ်းနေရတယ်။ ချာတိတ်တွေ ထင်းစည်းသယ်ရင်း ခလုတ်တိုက်လဲကြတယ်။
၁၄ မြို့တံခါးမှာ အကြီးအကဲတွေ မရှိတော့ဘူး။+ လူငယ်တွေလည်း တူရိယာတွေ မတီးမှုတ်တော့ဘူး။+
၁၅ ကျွန်တော်တို့ စိတ်မပျော်တော့ဘူး။ ကျွန်တော်တို့ရဲ့ ကခုန်ခြင်းဟာ ညည်းတွားငိုကြွေးစရာ ဖြစ်သွားပြီ။+
၁၆ ခေါင်းပေါ်က သရဖူ ပြုတ်ကျသွားပြီ။ အပြစ်ကျူးလွန်ခဲ့လို့ ကျွန်တော်တို့ အဖြစ်ဆိုးကြုံနေရပြီ။
၁၇ ဒါကြောင့် ကျွန်တော်တို့ စိတ်နာကျင်နေတယ်။+ ဒါတွေကြောင့် မျက်စိတွေ မှုန်ဝါးနေတယ်။+
၁၈ ဇိအုန်တောင်မှာ လူသူကင်းမဲ့နေတဲ့အတွက်+ အခု မြေခွေးတွေ ကျက်စားနေပြီ။
၁၉ အို ယေဟောဝါ၊ ကိုယ်တော်ဟာ ထာဝစဉ် နန်းထိုင်တယ်။
ရာဇပလ္လင်ဟာ နောင်လာနောက်သား အဆက်ဆက် တည်မြဲတယ်။+
၂၀ ကျွန်တော်တို့ကို ဘာလို့ ထာဝစဉ် မေ့ထားတာလဲ။ ဘာလို့ အကြာကြီး စွန့်ပစ်ထားတာလဲ။+
၂၁ အို ယေဟောဝါ၊ ကျွန်တော်တို့ကို ပြန်ခေါ်ပါတော့။ ဝမ်းမြောက်ဝမ်းသာ ပြန်လာပါ့မယ်။+
ဟိုးအရင်ကလို ကျွန်တော်တို့ရဲ့ နေ့ရက်တွေကို သစ်လွင်စေပါ။+
၂၂ ဒါပေမဲ့ ကျွန်တော်တို့ကို ကိုယ်တော် လုံးလုံး စွန့်ပစ်ထားတယ်။
အမျက်တော် ထွက်နေတုန်းပဲ။+