ဝတ်ပြုရာ ၂:၁-၁၆
-
ကောက်နှံအလှူ (၁-၁၆)
၂ “‘လူတစ်ယောက်က ယေဟောဝါဆီ ကောက်နှံအလှူ+ ဆက်သမယ်ဆိုရင် ဂျုံနုကို ပေးလှူရမယ်။ ဂျုံနုပေါ် ဆီလောင်း၊ လောဗန်* တင်ပြီး၊+
၂ အာရုန်ရဲ့သား ပုရောဟိတ်တွေဆီ ယူလာရမယ်။ ပုရောဟိတ်က ဆီလောင်းထားတဲ့ ဂျုံနု လက်တစ်ဆုပ်စာနဲ့ လောဗန်ရှိသမျှကို ယူပြီး ကိုယ်စားပြုအလှူအဖြစ်+ ပူဇော်ရာပလ္လင်ပေါ်မှာ မီးရှို့ရမယ်။ ဒါဟာ မွှေးကြိုင်တဲ့ရနံ့အဖြစ် ယေဟောဝါဆီ မီးရှို့ဆက်သတဲ့ အလှူပဲ။
၃ ကောက်နှံအလှူထဲက ကျန်တာတွေကို အာရုန်နဲ့သူ့သားတွေ ယူနိုင်တယ်။+ ဒါဟာ ယေဟောဝါဆီ မီးရှို့ဆက်သတဲ့ အလှူထဲက အသန့်ရှင်းဆုံးအလှူပဲ။+
၄ “‘မီးဖိုမှာဖုတ်တဲ့ မုန့်ကို ကောက်နှံအလှူအဖြစ် ပေးလှူမယ်ဆိုရင် ဂျုံနုကို ဆီနဲ့နယ်ပြီး လုပ်ထားတဲ့ တဆေးမဲ့ မုန့်လက်ကောက်တွေ ဖြစ်ရမယ်။ ဒါမှမဟုတ် ဆီသုတ်ထားတဲ့ တဆေးမဲ့မုန့်ပြားတွေ ဖြစ်ရမယ်။+
၅ “‘ဒယ်ပြားမှာလုပ်တဲ့ မုန့်ကို ကောက်နှံအလှူအဖြစ် ပေးလှူမယ်ဆိုရင်+ ဂျုံနုကို ဆီနဲ့နယ်ပြီး လုပ်ထားတဲ့ တဆေးမဲ့မုန့် ဖြစ်ရမယ်။
၆ မုန့်ကို အပိုင်းပိုင်းဖဲ့ပြီး ဆီလောင်းရမယ်။+ ဒါဟာ ကောက်နှံအလှူပဲ။
၇ “‘ဒယ်အိုးမှာကြော်တဲ့ မုန့်ကို ကောက်နှံအလှူအဖြစ် ပေးလှူမယ်ဆိုရင် ဂျုံနုကို ဆီနဲ့နယ်ပြီး လုပ်ထားတဲ့မုန့် ဖြစ်ရမယ်။
၈ အဲဒီလိုလုပ်ထားတဲ့ ကောက်နှံအလှူကို ယေဟောဝါဆီ ယူလာပြီး ပုရောဟိတ်ကို ပေးရမယ်။ ပုရောဟိတ်က ကောက်နှံအလှူကို ပူဇော်ရာပလ္လင်နား ယူလာရမယ်။
၉ ကောက်နှံအလှူနည်းနည်းကို ယူပြီး ကိုယ်စားပြုအလှူအဖြစ်+ ပူဇော်ရာပလ္လင်ပေါ်မှာ မီးရှို့ရမယ်။ ဒါဟာ မွှေးကြိုင်တဲ့ရနံ့အဖြစ် ယေဟောဝါဆီ မီးရှို့ဆက်သတဲ့ အလှူပဲ။+
၁၀ ကောက်နှံအလှူထဲက ကျန်တာတွေကို အာရုန်နဲ့သူ့သားတွေ ယူနိုင်တယ်။ ဒါဟာ ယေဟောဝါဆီ မီးရှို့ဆက်သတဲ့ အလှူတွေထဲက အသန့်ရှင်းဆုံးအလှူပဲ။+
၁၁ “‘ယေဟောဝါဆီ ဆက်သတဲ့ ကောက်နှံအလှူတိုင်းမှာ တဆေးမပါရဘူး။+ တဆေး ဒါမှမဟုတ် ပျားရည်ကို* ယေဟောဝါဆီ မီးရှို့ဆက်သတဲ့ အလှူအဖြစ် မပူဇော်ရဘူး။
၁၂ “‘တဆေးနဲ့ ပျားရည်ကို သီးဦးသီးဖျား အလှူအဖြစ်+ ယေဟောဝါဆီ ဆက်သနိုင်ပေမဲ့ မွှေးကြိုင်တဲ့ ရနံ့အဖြစ် ပူဇော်ရာပလ္လင်ပေါ်မှာ မီးမရှို့ရဘူး။
၁၃ “‘ကောက်နှံအလှူအားလုံးကို ဆားခတ်ရမယ်။ ကောက်နှံအလှူမှာ ဘုရားသခင့် ပဋိညာဉ်ကို အမှတ်ရစေတဲ့ဆား ခတ်ဖို့ မမေ့နဲ့။ အလှူအားလုံးကို ဆားခတ်ရမယ်။+
၁၄ “‘သီးဦးသီးဖျား အမှည့်တွေကို ကောက်နှံအလှူအဖြစ် ယေဟောဝါဆီ ဆက်သမယ်ဆိုရင် ရင့်မှည့်ပေမဲ့ မခြောက်သေးတဲ့ အနှံကို လှော်၊ မညက်တညက် ထောင်းပြီး ဆက်သရမယ်။ ဒါဟာ သီးဦးသီးဖျား အမှည့်တွေကို ဆက်သတဲ့ ကောက်နှံအလှူပဲ။+
၁၅ ကောက်နှံပေါ် ဆီလောင်းပြီး လောဗန်ကို တင်ရမယ်။ ဒါဟာ ကောက်နှံအလှူပဲ။
၁၆ မညက်တညက် ထောင်းပြီး ဆီလောင်းထားတဲ့ ကောက်နှံနည်းနည်းနဲ့ လောဗန်ရှိသမျှကို ယူပြီး ကိုယ်စားပြုအလှူအဖြစ်+ ပုရောဟိတ်က မီးရှို့ရမယ်။ ဒါဟာ ယေဟောဝါဆီ မီးရှို့ဆက်သတဲ့ အလှူပဲ။
အောက်ခြေမှတ်ချက်များ
^ မီးရှို့တဲ့အခါ မွှေးကြိုင်တဲ့ အဖြူရောင် သစ်စေးတစ်မျိုး။
^ သဖန်းသီးအဆီ၊ သစ်သီးအဆီကို ဆိုလို။