ဟဗက္ကုတ် ၃:၁-၁၉
၃ ပရောဖက် ဟဗက္ကုတ်ရဲ့ ဆုတောင်းချက်၊ ငိုချင်း–
၂ အို ယေဟောဝါ၊ ကိုယ်တော့်အကြောင်းကို ကျွန်တော်ကြားပါတယ်။
ယေဟောဝါဘုရား၊ ကိုယ်တော့်လုပ်ဆောင်မှုတွေကို အံ့သြမိပါတယ်။
အဲဒါတွေကို ကျွန်တော်တို့ခေတ်မှာ* ပြန်လုပ်ဆောင်ပါဦး။
အဲဒါတွေကို ကျွန်တော်တို့ခေတ်မှာ* ကြားသိစေပါဦး။
ရုတ်ရုတ်သဲသဲဖြစ်ချိန်မှာ ကရုဏာပြဖို့ သတိရလှည့်ပါ။+
၃ ဘုရားသခင်က တေမန်ပြည်ကနေ လာတယ်။
သန့်ရှင်းမြင့်မြတ်တဲ့အရှင်က ပါရန်တောင်ကနေ လာတယ်။+ (စဲလာ)*
ဘုန်းတန်ခိုးဟာ မိုးကောင်းကင်ကို ဖုံးလွှမ်းသွားတယ်။+
ဘုရားကို ချီးမွမ်းသံတွေ မြေတစ်ပြင်လုံး ညံသွားတယ်။
၄ ဘုရားက အလင်းရောင်လို ထွန်းလင်းတောက်ပတယ်။+
ခွန်အားကိန်းအောင်းရာ လက်တော်ကနေ ရောင်ခြည်နှစ်သွယ် ဖြာထွက်တယ်။
၅ ကပ်ရောဂါဘေးက ရှေ့ကနေ သွားတယ်။+
ချစ်ချစ်တောက်ပူတဲ့အဖျားက နောက်ကနေ လိုက်တယ်။
၆ ဘုရားက ရပ်တန့်ပြီး ကမ္ဘာမြေကို ကိုင်လှုပ်ပစ်တယ်။+
အကြည့်တစ်ချက်တည်းနဲ့ လူမျိုးတွေ အလန့်တကြား ထခုန်တယ်။+
ထာဝစဉ်တည်တဲ့ တောင်တန်းတွေ ကြေမွကုန်တယ်။
ရှေးဟောင်း တောင်ကုန်းတွေ ဦးညွှတ်သွားတယ်။+
လမ်းစဉ်တော်တွေဟာ အရင်ကတည်းက အဲဒီအတိုင်းပဲ။
၇ ကုရှလူတွေရဲ့ တဲတွေမှာ ဒုက္ခရောက်နေတာကို ကျွန်တော်တွေ့တယ်။
မိဒျန်ပြည်ရဲ့ ရွက်ထည်တွေ တုန်လှုပ်နေတယ်။+
၈ ယေဟောဝါဘုရား၊မြစ်တွေကို အမျက်ထွက်နေတာလား။
ပင်လယ်ကို ဒေါသထွက်နေတာလား။+
ကိုယ်တော် မြင်းစီးသွားတယ်။+
ကိုယ်တော့်မြင်းရထားတွေ အောင်ပွဲခံတယ်။+
၉ ကိုယ်တော်က လေးကိုထုတ်ပြီး အသင့်ပြင်ထားတယ်။
တုတ်တွေဟာ* ကျိန်ဆိုချက်အတိုင်း လုပ်ဆောင်ဖို့ အသင့်ပဲ။ (စဲလာ)
ကမ္ဘာမြေကို မြစ်တွေနဲ့ ကိုယ်တော် ခွဲလိုက်တယ်။
၁၀ ကိုယ်တော့်ကို မြင်တဲ့အခါ တောင်တန်းတွေ ဝေဒနာကြောင့် ထွန့်ထွန့်လူးနေတယ်။+
မိုးတွေ သဲကြီးမဲကြီးရွာပြီး တိုက်ချသွားတယ်။
နက်ရှိုင်းတဲ့ရေထုဟာ ဟုန်းဟုန်းမြည်တယ်။+
ရေလုံးကြီးတွေကြွတက်လာတယ်။
၁၁ မိုးကောင်းကင်ပေါ်မှာ နေမင်းနဲ့ လမင်း ရပ်တန့်သွားတယ်။+
ကိုယ်တော့်မြားတွေဟာ အလင်းတန်းလို ဖြာထွက်သွားတယ်။+
လှံတော်လည်း လျှပ်စီးလို တဖျတ်ဖျတ်လက်တယ်။
၁၂ ကိုယ်တော်က မြေတစ်ပြင်လုံးဆီ ဒေါသတကြီး ချီတက်သွားတယ်။
လူမျိုးတွေကို အမျက်ထွက်ပြီး နင်းခြေတယ်။
၁၃ လူမျိုးတော်ကို ကယ်တင်ဖို့၊ ဘိသိက်ပေးထားသူကို ကယ်တင်ဖို့ ကိုယ်တော် ထွက်လာတယ်။
လူဆိုးရဲ့အိမ်ထဲက ခေါင်းဆောင်ကို နင်းခြေပစ်တယ်။
အဲဒီအိမ်ကို အုတ်မြစ်ကနေ အမိုးအထိ လှန်ပစ်တယ်။ (စဲလာ)
၁၄ ကျွန်တော်ကွဲလွင့်သွားအောင် စစ်သူရဲတွေ လာတိုက်ခိုက်ချိန်မှာ ကိုယ်တော်က သူတို့ရဲ့ခေါင်းကို သူတို့လက်နက်နဲ့ပဲ ခွဲပစ်တယ်။
ဒုက္ခရောက်သူကို ဆိတ်ကွယ်ရာမှာ ဝါးမျိုရတာ သူတို့ပျော်ကြတယ်။
၁၅ ကိုယ်တော်က ပင်လယ်ကို ဖြတ်ပြီး၊
လှိုင်းလုံးကြီးတွေကို ဖြတ်ပြီး မြင်းစီးသွားတယ်။
၁၆ ဒါကို ကျွန်တော်ကြားတဲ့အခါ ရင်ထဲမှာ တုန်လှုပ်သွားတယ်။
အသံတော်ကြောင့် နှုတ်ခမ်းတွေ တဆတ်ဆတ်တုန်ပြီး အရိုးတွေ ဆွေးမြည့်ကုန်တယ်။+
ခြေတွေ မခိုင်တော့ဘူး။
ဒါပေမဲ့ တိုက်ခိုက်နေတဲ့ရန်သူတွေ ဒုက္ခနေ့ရက် ကြုံရတော့မှာဖြစ်လို့ အဲဒီနေ့ကို ကျွန်တော် တိတ်တဆိတ် စောင့်နေပါ့မယ်။+
၁၇ သဖန်းပင် ပွင့်ချင်မှ ပွင့်မယ်။
စပျစ်ပင် သီးချင်မှ သီးမယ်။
သံလွင်ပင် သီးပွင့်ချင်မှ သီးပွင့်မယ်။
လယ်မြေတွေ ဖြစ်ထွန်းချင်မှ ဖြစ်ထွန်းမယ်။
သိုးခြံထဲမှာ သိုးအုပ်တွေ၊
တင်းကုပ်ထဲမှာ နွားတွေ ရှိချင်မှရှိမယ်။
၁၈ ဒါပေမဲ့ ကျွန်တော်ကတော့ ယေဟောဝါကြောင့် အားရရွှင်လန်းမယ်။
ကယ်တင်ရှင် ဘုရားသခင်ကြောင့် ရွှင်လန်းမယ်။+
၁၉ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါဟာ ကျွန်တော့်ရဲ့ ခွန်အားပဲ။+
ဘုရားက ကျွန်တော့်ခြေကို သမင်ခြေလို ဖြစ်စေမယ်။
မြင့်မားတဲ့နေရာတွေမှာ နင်းလျှောက်စေမယ်။+
အောက်ခြေမှတ်ချက်များ
^ မူရင်း၊ “နှစ်တွေအတွင်းမှာ။”
^ မူရင်း၊ “နှစ်တွေအတွင်းမှာ။”
^ “မြားတွေဟာ” လည်းဖြစ်နိုင်။