၁ ပေတရု ၄:၁-၁၉
၄ ခရစ်တော်ဟာ လူသားတစ်ယောက် ဖြစ်တုန်းက ဆင်းရဲဒုက္ခကို ခံရပ်ခဲ့တယ်။+ ခင်ဗျားတို့လည်း ခရစ်တော်လို စိတ်သဘောထားနဲ့ ကိုယ့်ကိုယ်ကိုယ် အားဖြည့်ထားပါ။ ဆင်းရဲဒုက္ခကို ခံရပ်သူဟာ အပြစ်တွေ ဆက်မလုပ်တော့ဘူး။+
၂ ဒါကြောင့် သူက အသက်ရှင်နေတုန်းမှာ လူ့အလိုအတိုင်း မဟုတ်ဘဲ+ ဘုရားသခင့် အလိုတော်အတိုင်း အသက်ရှင်တတ်တယ်။+
၃ တစ်ချိန်တုန်းက လောကမှာရှိတဲ့ လူတွေရဲ့ အလိုအတိုင်း ခင်ဗျားတို့ ကျင့်ကြံခဲ့တာတွေ+ တော်လောက်ပါပြီ။ အဲဒီတုန်းက ခင်ဗျားတို့ဟာ မျက်နှာပြောင်တိုက်တာ၊* ရမ္မက်အလိုကို မထိန်းနိုင်တာ၊ သောက်ကြူးတာ၊ အထိန်းအကွပ်မဲ့ ပွဲလုပ်တာ၊ အပြိုင်အဆိုင် သောက်စားတာ၊ ရွံမုန်းဖွယ်ကောင်းတဲ့ ရုပ်တုကိုးကွယ်တာတွေ လုပ်ခဲ့ကြတယ်။+
၄ အဲဒီလူတွေက ယုတ်ညံ့တဲ့ အသက်တာကို ခင်ဗျားတို့ ဘာကြောင့် ဆက်ပြီး မလိုက်စားတော့မှန်း နားမလည်တဲ့အတွက် ခင်ဗျားတို့အကြောင်း မကောင်းပြောတတ်တယ်။+
၅ ဒါပေမဲ့ သူတို့က အသက်ရှင်တဲ့သူတွေကိုရော သေလွန်သူတွေကိုပါ တရားစီရင်ဖို့ အသင့်ဖြစ်နေတဲ့သူဆီမှာ ဖြေရှင်းချက် ပေးရလိမ့်မယ်။+
၆ အဲဒါကြောင့် သေလွန်သူတွေကိုလည်း သတင်းကောင်း ဟောရတာပဲ။+ ဒါမှ သေလွန်သူတွေဟာ လူ့အမြင်အရ အပေါ်ယံကို ကြည့်ပြီး တရားစီရင်ခံရပေမဲ့ ဘုရားသခင့်အမြင်အရ စွမ်းအားတော် လမ်းညွှန်မှုအားဖြင့် အသက်ရှင်နိုင်ကြလိမ့်မယ်။
၇ အရာခပ်သိမ်းရဲ့ အဆုံး ရောက်ခါနီးပြီ။ ဒါကြောင့် ချင့်ချိန်တတ်သူတွေ ဖြစ်ကြပါ။+ ဆုတောင်းဖို့ အမြဲ အသင့်ရှိနေကြပါ။+
၈ အရေးကြီးဆုံးကတော့ အချင်းချင်း နှစ်နှစ်ကာကာ ချစ်ကြပါ။+ ချစ်ခြင်းမေတ္တာရှိသူဟာ ခွင့်လွှတ်ဖို့ အမြဲ အသင့်ရှိတယ်။+
၉ မညည်းမညူဘဲ ဧည့်ဝတ်ပြုကြပါ။+
၁၀ ခင်ဗျားတို့ဟာ နည်းအမျိုးမျိုးနဲ့ ဖော်ပြတဲ့ မဟာကရုဏာတော်ကို ခံစားရတဲ့ ဘဏ္ဍာစိုးကောင်းတွေ ဖြစ်တယ်။ ဒါကြောင့် ကိုယ်စီ ရရှိထားတဲ့ ဆုကျေးဇူး အတိုင်းအတာနဲ့အညီ အဲဒီဆုကျေးဇူးကို အချင်းချင်းအတွက် အကျိုးဆောင်ဖို့ အသုံးပြုကြပါ။+
၁၁ တစ်ယောက်ယောက်မှာ ဟောပြောစွမ်းရည် ရှိတယ်ဆိုရင် ဘုရားသခင်ရဲ့ ဗျာဒိတ်တော်တွေ ဟောပြောပါစေ၊ သူတစ်ပါးအတွက် အကျိုးဆောင်တဲ့သူကလည်း ဘုရား ပေးတဲ့ ခွန်အားနဲ့ လုပ်ဆောင်ပါစေ။+ ဒီနည်းနဲ့ ယေရှုခရစ်အားဖြင့် အရာရာမှာ ဘုရားသခင်ရဲ့ ဘုန်းတော် ထင်ရှားပါစေ။+ ဘုရားသခင်ဆီမှာ ဘုန်းတော်၊ တန်ခိုးတော် အစဉ် ထာဝရ ရှိပါစေ။ အာမင်။*
၁၂ ချစ်ရသူတို့၊ မီးလို ပူလောင်တဲ့ စမ်းသပ်မှုတွေ ကြုံရတဲ့အခါ+ အထူးအဆန်းလုပ်ပြီး မအံ့သြပါနဲ့။
၁၃ အဲဒီအစား ခင်ဗျားတို့ ဆင်းရဲဒုက္ခ ကြုံရတဲ့ အကြောင်းရင်းက ခရစ်တော်နဲ့ တူနေလို့+ ဝမ်းမြောက်ကြပါ။+ ခရစ်တော် ဘုန်းထင်ရှားချိန်မှာ ခင်ဗျားတို့လည်း အတိုင်းထက်အလွန် ဝမ်းမြောက်ရလိမ့်မယ်။+
၁၄ ခရစ်တော်ရဲ့ နာမည်ကြောင့် ကဲ့ရဲ့ခံရတယ်ဆိုရင် ပျော်ရွှင်ချမ်းမြေ့တယ်။+ ဘာလို့လဲဆိုတော့ ဒါဟာ ခင်ဗျားတို့အပေါ် ဘုရားသခင့် စွမ်းအားတော်ရဲ့ ဘုန်းအသရေ သက်ရောက်နေလို့ပဲ။
၁၅ လူသတ်လို့၊ ခိုးလို့၊ အမှားလုပ်လို့၊ သူတစ်ပါးကိစ္စမှာ ဝင်ပါလို့ ဒုက္ခကြုံရတာမျိုးတော့ မဖြစ်ပါစေနဲ့။+
၁၆ ခရစ်ယာန် ဖြစ်လို့ ဆင်းရဲဒုက္ခ ကြုံရတယ်ဆိုရင် မရှက်ပါနဲ့။+ ခရစ်ယာန်အဖြစ် အသက်ဆက်ရှင်ရင်းနဲ့ ဘုရားသခင်ရဲ့ ဘုန်းတော်ကို အမြဲ ချီးမွမ်းနေလိုက်ပါ။
၁၇ အခု တရားစီရင်မယ့်အချိန် တန်ပြီ။ ဘုရားသခင်ရဲ့ အိမ်တော်ကို အရင်ဆုံး တရားစီရင်လိမ့်မယ်။+ ကျွန်တော်တို့ကို အရင်ဆုံး တရားစီရင်တယ်ဆိုမှတော့+ ဘုရားသခင်ရဲ့ သတင်းကောင်းကို နားမထောင်သူတွေဆိုရင် ဘယ်လိုများ ဖြစ်သွားမလဲ။+
၁၈ “ဖြောင့်မတ်သူ ကယ်တင်ခြင်း ရဖို့တောင် ခဲယဉ်းတယ်ဆိုမှတော့ ဘုရားတရားမဲ့သူတွေ၊ အပြစ်လုပ်သူတွေဆိုရင် ဘယ်လိုများ ဖြစ်သွားမလဲ။”+
၁၉ ဒါကြောင့် ဘုရားသခင်ရဲ့ အလိုတော်ကို ဆောင်လို့ ဆင်းရဲဒုက္ခခံရသူတွေဟာ ကောင်းမှုပြုရင်းနဲ့ သစ္စာရှိတဲ့ ဖန်ဆင်းရှင်ဆီ မိမိကိုယ်ကို အပ်နှံထားကြပါ။+