ဝတ်ပြုရာခန်းမ တစ်ထောင်ပြည့်ပြီ
၂၀၁၃ ခုနှစ်၊ ဩဂုတ်လဟာ ဖိလစ်ပိုင်နိုင်ငံက ယေဟောဝါသက်သေတွေအတွက် သမိုင်းမှတ်တိုင်တစ်ခု ဖြစ်ပါတယ်။ အကြောင်းကတော့ ဖိလစ်ပိုင်နိုင်ငံမှာ တစ်ထောင်ခုမြောက် ဝတ်ပြုရာခန်းမကို ဆောက်လုပ်ပြီးစီးခဲ့လို့ပါပဲ။ တခြားနိုင်ငံ တော်တော်များများလိုပဲ ဖိလစ်ပိုင်နိုင်ငံက အသင်းတော်တွေဟာ အကူအညီသာ မရှိဘူးဆိုရင် မိမိတို့ဘာသာ ကိုယ်ပိုင် ဝတ်ပြုရာခန်းမ ဆောက်လုပ်ဖို့ ငွေကြေး မတတ်နိုင်သလို ဆောက်လုပ်ရေး အတွေ့အကြုံလည်း မရှိကြဘူး။ နှစ်အတော်ကြာတဲ့အထိ တချို့အသင်းတော်တွေဟာ ကိုယ်ပိုင်အိမ်တွေမှာ ဝတ်ပြုခဲ့ကြပြီး တခြားအသင်းတော်တွေကတော့ ဝါးအိမ်ငယ်လေးတွေမှာ ဝတ်ပြုခဲ့ကြတယ်။
ဖိလစ်ပိုင်နိုင်ငံနဲ့ တခြားနိုင်ငံများစွာမှာ ယေဟောဝါသက်သေ အရေအတွက် တဖြည်းဖြည်း များလာတဲ့အတွက် ဝတ်ပြုရာခန်းမတွေ လိုအပ်လာတယ်။ ဒါနဲ့ ၁၉၉၉ ခုနှစ်မှာ ယေဟောဝါသက်သေတွေရဲ့ အုပ်ချုပ်ရေးအဖွဲ့က ဆင်းရဲနွမ်းပါးတဲ့ နိုင်ငံတွေမှာ ဝတ်ပြုရာခန်းမတွေ တည်ဆောက်ဖို့ အစီအစဉ် တစ်ခု ဆွဲခဲ့တယ်။ အဲဒီအစီအစဉ်ကတော့ ဒေသခံသက်သေခံတွေ တတ်နိုင်သလောက် ထည့်ဝင်တဲ့ အလှူငွေနဲ့ တခြားနိုင်ငံတွေက ထည့်ဝင်တဲ့ အလှူငွေပေါင်းပြီး ရန်ပုံငွေ ယူတယ်။ လေ့ကျင့်ခံထားရတဲ့ ဆောက်လုပ်ရေး လုပ်သားတွေကို အုပ်စုလေးတွေ ဖွဲ့ပြီး အသင်းတော်တွေ ဝတ်ပြုရာခန်းမ တည်ဆောက်တဲ့အခါ အကူအညီ ပေးတယ်။ ၂၀၀၁ ခုနှစ်၊ နိုဝင်ဘာလမှာ အဲဒီအစီအစဉ်ကို ဖိလစ်ပိုင်နိုင်ငံမှာ စတင် အကောင်အထည်ဖော်ခဲ့တယ်။
အီလူမီနာဒိုဟာ တစ်ထောင်ခုမြောက် ဝတ်ပြုရာခန်းမ တည်ရှိရာနေရာ ဘူလာကန်ပြည်နယ်၊ မာရီလာအိုမှာ ရှိတဲ့ အသင်းတော်က ယေဟောဝါသက်သေတစ်ယောက် ဖြစ်တယ်။ သူဒီလိုပြောပြတယ်– “ခရစ်ယာန် ညီအစ်ကိုအသင်းအပင်းဆိုတာ ဒီလိုပါလားလို့ သိခဲ့ရပါပြီ။ ယောက်ျား၊ မိန်းမ၊ လူကြီးလူငယ်အားလုံး လုပ်အားပေးကြတယ်။ ချစ်ချစ်တောက် ပူနေတဲ့ နေအောက်မှာ အတူအလုပ်လုပ်ကြတယ်။ တစ်နေကုန် အလုပ်လုပ်ပြီးတဲ့နောက်မှာ ပင်ပန်းနွမ်းနယ်နေကြပေမဲ့လည်း လုပ်ပြီးသွားတာတွေကို ကြည့်ပြီး ပီတိဖြစ်ရတယ်။”
ယေဟောဝါသက်သေ မဟုတ်တဲ့သူတွေတောင် ညီအစ်ကို၊ ညီအစ်မတွေ အလုပ်လုပ်နေတာကို ကြည့်ပြီး ချီးကျူးကြတယ်။ သဲတွေ၊ ကျောက်စရစ်တွေကို ဆောက်လုပ်ရေးနေရာကို သယ်ပို့ပေးတဲ့ ထရပ်ကားပိုင်ရှင်က “ခင်ဗျားတို့လူတွေ များလိုက်တာ၊ ပုရွက်ဆိတ်တွေ ကျနေတာပဲ။ အားလုံး အလုပ်လုပ်နေကြတယ်။ ဒီလိုမျိုး တစ်ခါမှ မတွေ့ဖူးဘူး” လို့ ပြောခဲ့တယ်။
စပြီး တည်ဆောက်တဲ့အချိန်ကနေ ရက်သတ္တပတ် ခြောက်ပတ် မပြည့်ခင်မှာ ခန်းမကို ဆောက်လုပ်ပြီးစီးသွားပါတယ်။ ဝတ်ပြုရာခန်းမ ဆောက်လုပ်ခြင်းအလုပ် မြန်မြန် ပြီးသွားတဲ့အတွက် ယေဟောဝါသက်သေတွေဟာ အရေးကြီးတဲ့ ဘုရားသခင့်နိုင်ငံတော် သတင်းကောင်း ဟောပြောခြင်းလုပ်ငန်းမှာ အပြည့်အဝ ပြန်ပါဝင်နိုင်ခဲ့ကြတယ်။—မဿဲ ၂၄:၁၄။
ဒေသခံယေဟောဝါသက်သေတစ်ယောက်ဖြစ်တဲ့ အယ်လင် ဒီလိုပြောတယ်– “အရင်ခန်းမအဟောင်းတုန်းက အားလုံး အထဲမှာ ထိုင်ဖို့ မဆံ့ဘူး။ အတော်များများက အပြင်မှာ ထိုင်ရတယ်။ အခု ခန်းမအသစ်က လှလည်း လှတယ်။ သက်သောင့်သက်သာလည်း ရှိတယ်။ ဒါကြောင့် အစည်းအဝေးတွေကနေရတဲ့ သွန်သင်ချက်တွေ၊ အားပေးမှုတွေကနေ ပိုပြီး အကျိုးခံစားကြရတယ်။”