ယေဟောဝါသက်သေတွေဟာ ကယ်တင်ခြင်းရဖို့ တစ်အိမ်တက်ဆင်း ဟောနေကြတာလား
မဟုတ်ပါဘူး။ ကျွန်ုပ်တို့ဟာ တစ်အိမ်တက်ဆင်း ဟောပြောခြင်းလုပ်ငန်းမှာ မှန်မှန် ပါဝင်နေကြပေမဲ့ အဲဒီလိုပါဝင်လို့ ကယ်တင်ခြင်းရမယ်ဆိုပြီး ကျွန်ုပ်တို့ မယူဆပါဘူး။ (ဧဖက် ၂:၈) ဘာကြောင့် မယူဆတာလဲ။
ဒီဥပမာကို သုံးသပ်ကြည့်ရအောင်– စိတ်ရင်းစေတနာကောင်းတဲ့ လူတစ်ယောက်က သူသတ်မှတ်ထားတဲ့နေ့မှာ သတ်မှတ်ထားတဲ့နေရာကို ရောက်ရှိနေတဲ့သူတိုင်းကို အဖိုးတန်လက်ဆောင်တစ်ခု ပေးမယ်လို့ ကတိပြုတယ်။ အဲဒီလူရဲ့ကတိကို သင် တကယ်ပဲ ယုံကြည်တယ်ဆိုရင် သူပြောတဲ့အတိုင်း သင် လုပ်ဆောင်မှာလား။ လုပ်ဆောင်မှာ သေချာပါတယ်။ ဒါ့အပြင် အဲဒီအကြောင်းကို သင့်မိတ်ဆွေတွေ၊ မိသားစုတွေကိုလည်း သင် ပြောပြမှာပါပဲ။ ဒါမှသာ သူတို့လည်း အဲဒီလက်ဆောင်ကို ရရှိမှာဖြစ်တယ်။ အဲဒီလူပြောတဲ့အတိုင်း လိုက်လုပ်လို့ အဲဒီလက်ဆောင်ကို သင် ရတာမဟုတ်ပါဘူး၊ အဲဒီလူရဲ့စိတ်ရင်းစေတနာကြောင့် သင် ရရှိတာဖြစ်တယ်။
အဲဒီလိုပါပဲ၊ ဘုရားသခင်ရဲ့စကားကို နာခံတဲ့သူတိုင်း ထာဝရအသက်ရရှိမယ်ဆိုတဲ့ ကိုယ်တော့်ကတိကို ယေဟောဝါသက်သေတွေ ယုံကြည်ကြပါတယ်။ (ရောမ ၆:၂၃) တခြားသူတွေကိုလည်း ကျွန်ုပ်တို့ရဲ့ယုံကြည်ချက်အကြောင်း ကြိုးစားပြီး ပြောပြနေပါတယ်။ ပြောပြရတဲ့ ရည်ရွယ်ချက်ကတော့ သူတို့ကိုလည်း ဘုရားသခင့်ကတိတွေကနေ အကျိုးရရှိစေချင်လို့ပါ။ ဒါပေမဲ့ ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်ခြင်းအားဖြင့် ကျွန်ုပ်တို့ ကယ်တင်ခြင်းရမယ်လို့ မယူဆပါဘူး။ (ရောမ ၁:၁၇; ၃:၂၈) တကယ်တော့ ဘုရားသခင်ဆီကနေ ထူးမြတ်တဲ့ ထာဝရအသက်ဆုကျေးဇူးကို ရထိုက်တဲ့သူတွေဖြစ်အောင် ဘယ်သူမှ မလုပ်နိုင်ပါဘူး။ “ဤသို့ ကယ်တင်ခြင်းခံရသည်မှာ ငါတို့ကိုယ်တိုင် ပြုလုပ်ခဲ့သည့် ကောင်းမှုတစ်စုံတစ်ရာကြောင့်မဟုတ်။ ကိုယ်တော်သည် မိမိ၏ကရုဏာတော်နှင့်အညီ ပေးတော်မူသောကြောင့်ဖြစ်၏။”—တိတု ၃:၅၊ ခမ။