လူငယ်များအမေး
တခြားသူတွေ ငါ့အကြောင်း အတင်းပြောရင် ဘာလုပ်ရမလဲ
အတင်းပြောတာက ဘာကြောင့် ထိခိုက်နာကျင်စေတာလဲ
တချို့အတင်းစကားတွေက သင့်နာမည်ပျက်အောင် တမင်တကာ ကြံစည်ပြီးပြောတဲ့ ရန်လိုလိမ်ညာတဲ့ စကားတွေ ဖြစ်တယ်။ ဒါပေမဲ့ အသေးအဖွဲလေး ပြောတယ်ဆိုရင်တောင် ထိခိုက်နာကျင်ရပါတယ်။ အထူးသဖြင့် သင်နဲ့ ရင်းနှီးတဲ့သူက ပြောတယ်ဆိုရင်ပေါ့။—ဆာလံ ၅၅:၁၂–၁၄။
“သူငယ်ချင်းတစ်ယောက်က ကျွန်မကွယ်ရာမှာ ကျွန်မက တစ်ကိုယ်ကောင်းဆန်တယ်၊ တခြားသူတွေကို မကူညီတတ်ဘူးလို့ ပြောနေတာ သိလိုက်ရတယ်။ ကျွန်မ အရမ်းစိတ်မကောင်း ဖြစ်သွားတယ်။ ဘာလို့များ အဲဒီလိုလုပ်ရတာလဲဆိုတာ နားမလည်နိုင်ဘူး။”—အက်ရှလေ။
အဖြစ်မှန်– ရင်းနှီးတဲ့သူပဲဖြစ်ဖြစ်၊ တခြားသူပဲဖြစ်ဖြစ် သင့်အကြောင်း မကောင်းပြောတယ်ဆိုတာကို သိလိုက်ရရင် စိတ်မကောင်းဖြစ်ရပါတယ်။
အတင်းစကားတွေကို အမြဲ ရှောင်လွှဲလို့ မရနိုင်ပါ
အကြောင်းရင်းအမျိုးမျိုးကြောင့် လူတွေက တခြားသူအကြောင်း ပြောကြတာဖြစ်တယ်၊ အောက်ပါအကြောင်းရင်းတွေကို သုံးသပ်ကြည့်ပါ–
အမှန်တကယ်စိတ်ဝင်စားလို့။ လူဆိုတာ အသိုင်းအဝိုင်းနဲ့ နေတတ်တဲ့သူတွေ ဖြစ်တယ်။ ဒါကြောင့် တစ်ယောက်အကြောင်း တစ်ယောက်ပြောတယ်ဆိုတာ သဘာဝပါပဲ။ အတိုင်းအတာတစ်ခုအထိ အချင်းချင်းရဲ့ “အရေးကိစ္စကိုလည်း အာရုံစိုက်ကြ” ဖို့ သမ္မာကျမ်းစာမှာ အားပေးထားပါတယ်။—ဖိလိပ္ပိ ၂:၄။
“ပြောစရာအကောင်းဆုံး အကြောင်းအရာက လူတွေအကြောင်းပါပဲ။”—ဘရင်ကာ။
“အမှန်အတိုင်း ဝန်ခံရရင် သူများတွေအကြောင်း ကျွန်မသိချင်တယ်၊ အဲဒီအကြောင်း တခြားသူတွေနဲ့ ပြန်ပြောရတာကိုလည်း ကြိုက်တယ်။ တခြားဘာရည်ရွယ်ချက်မှတော့ မရှိဘူး၊ အပျော်သဘောပါပဲ။”—ကေတီ။
ပျင်းရိခြင်းကြောင့်။ သမ္မာကျမ်းစာခေတ်က တချို့သူတွေဟာ “အကြောင်းအရာအသစ် တစ်ခုခုကို ပြောဆိုကြားနာခြင်းမှတစ်ပါး အခြားသောအမှုဖြင့် အချိန်ကုန် မခံတတ်ကြ” ဘူး။ (တမန်တော် ၁၇:၂၁) ယနေ့အချိန်မှာလည်း အဲဒီလိုလူမျိုးတွေ ရှိပါတယ်။
“လူတွေဟာ ဘာမဟုတ်တဲ့ အကြောင်းအရာကို တကယ့်စိတ်ဝင်စားစရာအကြောင်းလိုမျိုး ပြောဆိုနေကြတယ်။”—ဂျိုအန်း။
မနာလိုစိတ်ကြောင့်။ ခိုင်လုံတဲ့ အကြောင်းရင်း ရှိတဲ့အတွက် သမ္မာကျမ်းစာက မိမိကိုယ်ကိုယ် တခြားသူတွေနဲ့ နှိုင်းယှဉ်တာမျိုး မလုပ်ဖို့ ပြောထားပါတယ်။ (ဂလာတိ ၆:၄) ဒါပေမဲ့ တချို့သူတွေဟာ တခြားသူတွေကို မနာလိုတဲ့အတွက် သူတို့အကြောင်း မဟုတ်မမှန်တဲ့ စကားတွေ ဖြန့်တတ်ကြတယ်။
“အတင်းစကားကို ကြည့်ပြီး အတင်းစကား ဖြန့်တဲ့သူဟာ ဘယ်လိုလူမျိုးလဲဆိုတာ သိစေတယ်။ တစ်ဖက်သားအပေါ် သူဘယ်လောက် မနာလိုဖြစ်နေသလဲဆိုတာ ပေါ်လွင်တယ်။ မဟုတ်တာတွေကို လျှောက်ပြောပြီးတဲ့အခါမှာတော့ ကိုယ်ကသူ့ထက်သာတယ်လို့ထင်ပြီး စိတ်သက်သာရာ ရသွားတတ်ကြတယ်။”—ဖီလ်။
အဖြစ်မှန်– သင်ကြိုက်ကြိုက်၊ မကြိုက်ကြိုက် လူတွေကတော့ သင့်အကြောင်းအပါအဝင် တခြားသူတွေရဲ့ အကြောင်းကို ပြောကြပါလိမ့်မယ်။
အတင်းပြောခံရနိုင်ပေမဲ့ အတင်းစကားတွေရဲ့ ထိန်းချုပ်မှုကို မခံပါနဲ့
သင်ဟာ အတင်းပြောမခံရအောင် နေလို့ရမှာ မဟုတ်ပေမဲ့ အတင်းပြောခံရတဲ့အခါ ဘယ်လို တုံ့ပြန်မလဲဆိုတာကိုတော့ ရွေးချယ်နိုင်ပါတယ်။ သင့်အကြောင်း မမှန်သတင်းပျံ့နေတယ်ဆိုတာ သိလိုက်ရတယ်ဆိုရင် သင်လုပ်နိုင်တာ နှစ်ခုရှိပါတယ်။
ရွေးချယ်နိုင်ရာ ၁– လျစ်လျူရှုထားလိုက်ပါ။ ပျံ့နေတဲ့သတင်းက သိပ်အရေးမကြီးဘူးဆိုရင် များသောအားဖြင့် အကောင်းဆုံး ဖြေရှင်းနည်းက ဒီအတိုင်းထားလိုက်တာ ဖြစ်တယ်။ “အမျက်ထွက်သည်တိုင်အောင် စိတ်မတိုနှင့်” ဆိုတဲ့ သမ္မာကျမ်းစာရဲ့ ဒီအကြံပြုချက်ကို လိုက်နာပါ။—ဒေသနာ ၇:၉။
“ကျွန်မ တွေ့တောင်မတွေ့ဖူးတဲ့ ကောင်လေးတစ်ယောက်နဲ့ ကျွန်မ ချစ်ကြိုက်နေပါတယ်ဆိုပြီး သတင်းထွက်နေတယ်။ စိတ်အနှောင့်အယှက်တော့ ဖြစ်ပေမဲ့ ဒီအတိုင်း လျစ်လျူရှုထားလိုက်တယ်။”—အဲလစ်။
“နာမည်ကောင်းရှိထားတာက အတင်းပြောတာတွေကို တိုက်ထုတ်နိုင်တဲ့ အကောင်းဆုံးလက်နက်ပဲ။ မကောင်းသတင်းပျံ့နေတယ်ဆိုရင်တောင် ကိုယ်က နာမည်ကောင်းရှိတဲ့သူ ဖြစ်တယ်ဆိုရင် အဲဒီသတင်းကို လူနည်းနည်းလေးကပဲ ယုံကြလိမ့်မယ်။ ကိုယ့်ရဲ့နာမည်ကောင်းက အနိုင်ယူသွားလိမ့်မယ်။”—အယ်လီဆင်။
အကြံပြုချက်– (၁) သင်နဲ့ပတ်သက်ပြီး ပြောတဲ့ အကြောင်းအရာနဲ့ (၂) သင့်ခံစားချက်ကို ချရေးပါ။ အဲဒီလိုချရေးလိုက်တဲ့အခါ စိတ်သက်သာရာရပြီး အဲဒီအကြောင်းကိုမေ့ဖို့ လွယ်ကူသွားပါလိမ့်မယ်။—ဆာလံ ၄:၄။
ရွေးချယ်နိုင်ရာ ၂– အတင်းစကား စဖြန့်တဲ့သူဆီ သွားပြီး နှစ်ယောက်သား ဖြေရှင်းပါ။ တချို့အခြေအနေတွေမှာတော့ ပျံ့နေတဲ့ မဟုတ်မမှန်သတင်းဟာ အရေးကြီးတယ်လို့ သင်ခံစားရရင် အတင်းစကား စဖြန့်တဲ့သူနဲ့ ဖြေရှင်းဖို့ လိုအပ်ပါတယ်။
“အတင်းစကား ဖြန့်တဲ့သူဆီသွားပြီး ဖြေရှင်းတဲ့အခါ သူတို့ ဖြန့်တဲ့စကားဟာ နောက်ဆုံး ကာယကံရှင်ဆီ ပြန်ရောက်သွားတယ်ဆိုတာ သူတို့ကို သိသွားစေတယ်။ အဲဒီအပြင် ပြဿနာပါ ပြေလည်သွားနိုင်တယ်။”—အဲလဇ်။
သင့်အကြောင်း အတင်းပြောတဲ့သူဆီသွားပြီး မဖြေရှင်းခင် အောက်ဖော်ပြပါ ကျမ်းစာအကြံပြုချက်တွေကို သုံးသပ်ပြီး ဖော်ပြထားတဲ့ မေးခွန်းတွေကို သင့်ကိုယ်သင် မေးကြည့်ပါ။
“အကျိုးအကြောင်းကိုမစစ်မီ အမှုစီရင်သောသူသည် မိုက်သောအပြစ်၊ အရှက်ကွဲရသောအပြစ်ရှိ၏။” (သုတ္တံ ၁၈:၁၃) ‘ငါကြားရတဲ့ အချက်အလက်အားလုံးက တကယ်ရော မှန်ရဲ့လား။ ငါ့အကြောင်း မကောင်းပြောနေတယ်လို့ ငါ့ကို လာပြောတဲ့သူက အထင်လွဲတာရော မဖြစ်နိုင်ဘူးလား။’
“လူတိုင်းသည် နားထောင်ခြင်း၌ လျင်မြန်ရမည်။ စကားပြောခြင်းနှင့် အမျက်ထွက်ခြင်း၌ နှေးရမည်။” (ယာကုပ် ၁:၁၉) ‘အခုအချိန်က အတင်းပြောတဲ့သူဆီ သွားပြီး ပြဿနာဖြေရှင်းဖို့ သင့်တော်တဲ့ အချိန်လား။ ပြဿနာဖြေရှင်းဖို့ ငါ့စိတ်တွေ တည်တည်ငြိမ်ငြိမ် ရှိရဲ့လား။ စိတ်နည်းနည်း တည်ငြိမ်သွားတဲ့အထိ အချိန်ခဏဆိုင်းထားလိုက်တာ ပိုကောင်းမလား။’
“ကိုယ်၌ သူတစ်ပါးပြုစေလိုသမျှအတိုင်း သူတစ်ပါး၌ ပြုကြလော့။” (မဿဲ ၇:၁၂) ‘ငါသာ အတင်းပြောမိခဲ့တဲ့သူ ဖြစ်မယ်ဆိုရင် ငါ့ဆီကို ဘယ်လို လာဖြေရှင်းတာကို ကြိုက်သလဲ။ ပြဿနာကို ဘယ်လို အခြေအနေမျိုးမှာ ငါဆွေးနွေးချင်သလဲ။ ဘယ်စကားလုံးတွေ၊ ဘယ်အပြုအမူတွေက အကောင်းဆုံး ဖြစ်မလဲ။’
အကြံပြုချက်– အတင်းပြောတဲ့သူဆီ သွားပြီး မဖြေရှင်းခင် ကိုယ်ပြောချင်တဲ့ အကြောင်းအရာတွေကို ချရေးပါ။ တစ်ပတ် နှစ်ပတ်စောင့်ကြည့်ပါ၊ အဲဒီနောက် သင်ရေးထားတာကို ပြန်ဖတ်ကြည့်တဲ့အခါ ပြောင်းလဲချင်တာတွေ တွေ့ပါသလား။ သင့်ရဲ့ အစီအစဉ်ကို မိဘ ဒါမှမဟုတ် ရင့်ကျက်တဲ့ မိတ်ဆွေတစ်ဦးနဲ့ ဆွေးနွေးပြီး သူ့ဆီကအကြံဉာဏ် တောင်းဆိုပါ။
အဖြစ်မှန်– ဘဝမှာဖြစ်ပျက်နေတဲ့ တခြားအရာများစွာလိုပါပဲ အတင်းစကားတွေကို သင်ရှောင်လွှဲလို့ မရနိုင်ဘူး။ ဒါပေမဲ့ အတင်းစကားတွေရဲ့ ထိန်းချုပ်မှုကိုခံဖို့လည်း မလိုပါဘူး။