သူတို့ရဲ့ ယုံကြည်ခြင်းကို တုပပါ | ယောနသန်
‘ယေဟောဝါဘုရားကို ဘာကမှ မတားဆီးနိုင်ဘူး’
ကျောက်ဆောင်ထူထူ၊ ခြောက်ကပ်ကပ် မြင်ကွင်းကို ကင်းတပ်တစ်တပ် အပေါ်စီးက စောင့်ကြည့်နေတယ်လို့ မြင်ယောင်ကြည့်ပါ။ ငြီးငွေ့စရာကောင်းတဲ့ မြင်ကွင်းထဲ စိတ်ဝင်စားစရာတစ်ခု ပေါ်လာတာကို ဖိလိတိစစ်သည်တွေ မြင်လိုက်ရတယ်။ လျှိုမြောင် တစ်ဖက်ခြမ်းမှာ အစ္စရေးနှစ်ယောက် ရပ်နေပါလား။ အန္တရာယ်လို့ မမြင်တဲ့အတွက် စစ်သည်တွေ ရယ်လိုက်ကြတယ်။ အစ္စရေးတွေကို ဖိလိတိတွေ နှိပ်ကွပ်ထားတာ ကြာလှပြီ။ အစ္စရေးတွေဟာ လယ်ယာသုံးကိရိယာတွေ သွေးဖို့တောင် ရန်သူဖိလိတိတွေဆီ အကူအညီ သွားတောင်းရတဲ့ဘဝ ရောက်နေကြတာ။ ဒါကြောင့် အစ္စရေးစစ်သည်တွေမှာ စစ်လက်နက် မရှိကြဘူး။ အခု တွေ့ရတာကလည်း နှစ်ယောက်တည်း။ လက်နက်ပါတဲ့ စစ်သည် ဖြစ်ရင်လည်း ဘာအန္တရာယ် ပေးနိုင်မှာမို့လို့လဲ။ ဖိလိတိတွေ လှောင်ရယ် ရယ်ရင်း “တက်ခဲ့ကြစမ်း။ မင်းတို့ကို ပညာပြရမယ်” လို့ စိန်ခေါ်ကြတယ်။—၁ ရှမွေလ ၁၃:၁၉-၂၃။ ၁၄:၁၁၊ ၁၂။
တကယ်တမ်း ပညာပြခံလိုက်ရတာ ဖိလိတိတွေပဲ။ အစ္စရေးနှစ်ယောက် လျှိုမြောင်ထဲ ပြေးဆင်းသွားပြီးနောက် ရန်သူရှိတဲ့ဘက်ခြမ်းကို တက်ကြတယ်။ မတ်စောက်လွန်းတဲ့ ကမ်းပါးကို ခြေလက်တွေနဲ့ ကုပ်တွယ်တက်သွားလိုက်တာ ဖိလိတိကင်းတပ်ရှိတဲ့ နေရာတည့်တည့်ကို ရောက်သွားကြတယ်။ (၁ ရှမွေလ ၁၄:၁၃) ရှေ့ကလာတဲ့သူမှာ လက်နက်ပါမှန်း ခုမှ ဖိလိတိတွေ သိလိုက်ရတယ်။ သူ့လက်နက်ကိုင်လည်း လိုက်တက်လာတယ်။ မြို့စောင့်တပ် တစ်တပ်လုံးကို နှစ်ယောက်တည်း လာတိုက်တာလား။ ဒီလူ ရူးများ ရူးနေလား။
မရူးပါဘူး။ သူဟာ ယုံကြည်ခြင်း ခိုင်ခံ့သူပါ။ နာမည်က ယောနသန်။ သူ့ဆီကနေ အခုခေတ် ခရစ်ယာန်စစ်တွေ သင်ခန်းစာ ယူစရာတွေ ရှိတယ်။ ကျွန်တော်တို့ တကယ့်စစ်ပွဲမှာ တိုက်ခိုက်နေတာ မဟုတ်ပေမဲ့ စစ်မှန်တဲ့ ယုံကြည်ခြင်း ရှိလာဖို့ လိုအပ်တဲ့ သတ္တိရှိခြင်း၊ သစ္စာရှိခြင်း၊ တစ်ကိုယ်ကောင်း မဆန်ခြင်း စတဲ့ အရည်အသွေးတွေနဲ့ပတ်သက်ပြီး ယောနသန်ဆီက သင်ယူစရာ အများကြီး ရှိတယ်။—ဟေရှာယ ၂:၄။ မဿဲ ၂၆:၅၁၊ ၅၂။
သစ္စာရှိတဲ့သား၊ ရဲရင့်တဲ့ စစ်သည်
အဲဒီကင်းတပ်ကို ယောနသန် ဝင်တိုက်ရတဲ့ အကြောင်းကို နားလည်ဖို့ဆိုရင် သူ့နောက်ကြောင်းကို ပြန်ကြည့်ရမယ်။ ယောနသန်ဟာ အစ္စရေး ပထမဘုရင် ရှောလုရဲ့ သားကြီး ဖြစ်တယ်။ ဘုရင်အဖြစ် ရှောလု ဘိသိက်ပေးခံရချိန်မှာ ယောနသန်ဟာ အသက် ၂၀ ဝန်းကျင်လောက် ရှိနေပြီ။ ရှောလုဟာ သားတော် ယောနသန်ကို အတွင်းရေးတွေ အသိပေးတတ်တာကို ကြည့်ရင် သားအဖနှစ်ယောက် ရင်းနှီးကြပုံရှိတယ်။ အဲဒီအချိန်တုန်းက ယောနသန်ရဲ့ ခမည်းတော်ဟာ ဒေါင်ကောင်းကောင်းနဲ့ ရုပ်ဖြောင့်သူ၊ သတ္တိရှိရှိ တိုက်ခိုက်တတ်သူ ဖြစ်ရုံမက ပိုအရေးကြီးတဲ့ အရည်အချင်း ရှိသေးတယ်၊ ယုံကြည်ခြင်း ရှိပြီး စိတ်နှိမ့်ချတဲ့သူ ဖြစ်တယ်။ ခမည်းတော်ကို ဘုရင်အဖြစ် ယေဟောဝါ ဘာကြောင့် ရွေးချယ်ခဲ့မှန်း ယောနသန် သဘောပေါက်တယ်။ အစ္စရေးတွေထဲမှာ ရှောလုလိုလူ မရှိဘူးလို့ ပရောဖက် ရှမွေလကတောင် ပြောခဲ့တာ။—၁ ရှမွေလ ၉:၁၊ ၂၊ ၂၁။ ၁၀:၂၀-၂၄။ ၂၀:၂။
ယေဟောဝါလူမျိုးရဲ့ ရန်သူတွေကို ခမည်းတော်အမိန့်နဲ့ တိုက်ခိုက်ရလို့ ယောနသန် ဂုဏ်ယူဝင့်ကြွားခဲ့မှာပဲ။ အဲဒီတိုက်ပွဲတွေက အခုခေတ် လူမျိုးစုတိုက်ပွဲတွေနဲ့ မတူဘူး။ မိမိကိုယ်စားလှယ်အဖြစ် ယေဟောဝါ ရွေးချယ်ထားတဲ့ အစ္စရေးလူမျိုးကို မှားယွင်းတဲ့ဘုရား ကိုးကွယ်သူတွေ ဝိုင်းတိုက်နေချိန် ဖြစ်တယ်။ ဒါဂုန်ဘုရားကို ကိုးကွယ်တဲ့ ဖိလိတိတွေက ယေဟောဝါရဲ့ လူမျိုးကို ဖိနှိပ်ထားရုံမက ဖျက်ဆီးချေမှုန်းပစ်ဖို့ ကြိုးပမ်းလေ့ရှိကြတယ်။
ဒီတော့ ယောနသန် တိုက်ပွဲဝင်နေတာဟာ ယေဟောဝါဘုရားကို သစ္စာရှိရှိ အမှုထမ်းနေတာပဲ။ ယေဟောဝါကလည်း ယောနသန်ရဲ့ ကြိုးပမ်းမှုကို ကောင်းချီးပေးတယ်။ ရှောလု ဘုရင် ဖြစ်ပြီး မကြာခင် ယောနသန်ကို လူ ၁,၀၀၀ အုပ်အဖြစ် ခန့်တဲ့အခါ ယောနသန်က မိမိလူတွေကို ခေါ်ပြီး ဂေဘမြို့မှာရှိတဲ့ ဖိလိတိမြို့စောင့်တပ်ကို ချေမှုန်းပစ်တယ်။ စစ်လက်နက်တွေ မရှိပေမဲ့ ယေဟောဝါရဲ့ ကူညီမှုကြောင့် ယောနသန် အနိုင်ရခဲ့တယ်။ ဒါနဲ့ အစ္စရေးတွေကို တိုက်ခိုက်ဖို့ ဖိလိတိစစ်သည် အမြောက်အများ စုရုံးကြတယ်။ ရှောလုရဲ့ စစ်သည် အတော်များများ ထိတ်လန့်တုန်လှုပ်နေကြတယ်။ တချို့က ထွက်ပြေးပုန်းရှောင်ကြတယ်။ ဖိလိတိတွေဆီ ဘက်ပြောင်းသွားသူတွေတောင် ရှိတယ်။ ဒါပေမဲ့ ယောနသန်ကတော့ မတုန်လှုပ်ပါဘူး။—၁ ရှမွေလ ၁၃:၂-၇။ ၁၄:၂၁။
အစမှာ ဖော်ပြထားတဲ့အတိုင်း အဲဒီနေ့မှာ ယောနသန်နဲ့ သူ့လက်နက်ကိုင် ထွက်သွားတာကို ဘယ်သူမှ မသိလိုက်ဘူး။ ယောနသန်က မိတ်မတ်မြို့မှာ ရှိတဲ့ ဖိလိတိကင်းတပ်ဆီ ချဉ်းကပ်သွားရင်း လက်နက်ကိုင်ကို အစီအစဉ် ပြောပြတယ်။ အပေါ်စီးမှာရှိနေတဲ့ ဖိလိတိစစ်သည်တွေကို လူရိပ်ပြကြမယ်။ ဖိလိတိတွေက ငါတို့ကို တိုက်ဖို့ တက်လာခဲ့လို့ စိန်ခေါ်ခဲ့ရင် ယေဟောဝါဘုရား ကူညီမယ်ဆိုတဲ့ နိမိတ်ပဲလို့ ပြောတယ်။ လက်နက်ကိုင်ကလည်း သဘောတူတယ်။ “လူအများကြီးကိုဖြစ်ဖြစ်၊ နည်းနည်းလေးကိုဖြစ်ဖြစ် သုံးပြီး ယေဟောဝါဘုရား ကယ်တင်နိုင်ပါတယ်။ ကိုယ်တော့်ကို ဘာကမှ မတားဆီးနိုင်ဘူး” ဆိုတဲ့ ယောနသန်ရဲ့ စကားကြောင့် အားရှိသွားလို့ ဖြစ်မယ်။ (၁ ရှမွေလ ၁၄:၆-၁၀) ယောနသန် ဘာကို ပြောချင်တာလဲ။
ယောနသန်ဟာ ဘုရားသခင်အကြောင်း ကောင်းကောင်း သိတယ်။ အင်အားများတဲ့ ရန်သူတွေကို မိမိရဲ့ လူမျိုး အောင်ပွဲခံဖို့ ယေဟောဝါ ကူညီပေးခဲ့ဖူးကြောင်း သိထားတယ်။ တစ်ခါတလေ လူတစ်ယောက်တည်းနဲ့ အောင်ပွဲခံစေခဲ့တယ်။ (တရားသူကြီး ၃:၃၁။ ၄:၁-၂၃။ ၁၆:၂၃-၃၀) ဒါကြောင့် ဘုရားလူမျိုးအနေနဲ့ စစ်သည်အရေအတွက်၊ လူအင်အား၊ လက်နက်အင်အား ဘာတစ်ခုမှ မှုစရာမလိုဘူး၊ ယုံကြည်ခြင်းသာ အဓိက ဖြစ်မှန်း ယောနသန် သိထားတယ်။ ဒီယုံကြည်ခြင်းကြောင့် သူတို့နှစ်ယောက် ဖိလိတိကင်းတပ်ကို သွားတိုက်ခိုက်သင့်မသင့် ယေဟောဝါ ဆုံးဖြတ်ဖို့ ထားလိုက်တယ်။ ယေဟောဝါဆီက ခွင့်ပြုချက် နိမိတ်တစ်ခုကို သတ်မှတ်လိုက်တယ်။ ခွင့်ပြုချက်လည်း ရရော ယောနသန် တစ်ဟုန်ထိုး တက်သွားတော့တယ်။
ယောနသန်ရဲ့ ယုံကြည်ခြင်း လုပ်ရပ်နှစ်ခုကို သတိပြုပါ။ ပထမ၊ ယေဟောဝါဘုရားကို အလွန် ရိုသေလေးစားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ မိမိရဲ့ ရည်ရွယ်ချက် အကောင်အထည် ပေါ်ဖို့ လူသားအကူအညီ မလိုပေမဲ့ သစ္စာရှိရှိ အမှုထမ်းသူတွေကို ကောင်းချီးပေးတတ်မှန်း ယောနသန် သိထားတယ်။ (၂ ရာဇဝင်ချုပ် ၁၆:၉) ဒုတိယ၊ လုပ်ငန်းမစခင် ယေဟောဝါရဲ့ ခွင့်ပြုချက် ရဖို့ ကြိုးစားတယ်။ အခုချိန်မှာ ကျွန်တော်တို့ တစ်ခုခု လုပ်ခါနီး ဘုရားခွင့်ပြုချက် ရမရ သဘာဝလွန် နိမိတ်တွေ ရဖို့ မရှာကြံကြဘူး။ စွမ်းအားတော်ရဲ့ လမ်းညွှန်မှုနဲ့ ရေးထားတဲ့ ကျမ်းစာတစ်အုပ်လုံး ရထားလို့ ဘုရားအလိုတော်ကို သိမြင်နိုင်ကြတယ်။ (၂ တိမောသေ ၃:၁၆၊ ၁၇) အရေးကြီး ဆုံးဖြတ်ချက်တွေ မချခင် ကျမ်းစာအကြံပြုချက်ကို အသေအချာ သုံးသပ်သလား။ ဒါဆိုရင် ယောနသန်လိုပဲ ကိုယ့်ဆန္ဒထက် ဘုရားအလိုတော်ကို အလေးထားရာရောက်တယ်။
စစ်သည်ယောနသန်နဲ့ လက်နက်ကိုင်ဟာ မတ်စောက်လွန်းတဲ့ ကမ်းပါးကို ကုပ်တွယ်တက်သွားလိုက်တာ ဖိလိတိကင်းတပ်ကို ရောက်သွားကြတယ်။ သူတို့ကို လာတိုက်ခိုက်နေမှန်း သိသွားတဲ့အခါ ဖိလိတိတွေက ကျူးကျော်လာသူနှစ်ဦးကို တိုက်ထုတ်ဖို့ စစ်သည်တွေ လွှတ်လိုက်တယ်။ ဖိလိတိတွေက စစ်သည်အင်အား ပိုများရုံမက အသာစီးအနေအထားမှာ ရှိနေလို့ အဲဒီနှစ်ယောက်ကို အသာလေး ရှင်းလိုက်နိုင်တယ်။ ဒါပေမဲ့ ယောနသန်က ဖိလိတိတွေကို စပြီး တိုက်ခိုက်တယ်။ လက်နက်ကိုင်က နောက်ကနေ လိုက်သတ်တယ်။ အဲဒီတစ်ဝိုက်လေးမှာပဲ ရန်သူ ၂၀ နီးပါး သတ်လိုက်ကြတယ်။ ဒီထက်မက ယေဟောဝါ ကူညီပေးခဲ့တယ်။ “တပ်စခန်းထဲက စစ်သည်တွေ၊ ကင်းတပ်မှာရှိတဲ့ စစ်သည်တွေ ထိတ်လန့်သွားတယ်။ တိုက်ခိုက်လုယူတဲ့ တပ်ဖွဲ့တွေလည်း ထိတ်လန့်သွားတယ်။ အဲဒီအချိန်မှာ မြေငလျင် လှုပ်လာတယ်။ အဲဒါတွေ ဖြစ်အောင် လုပ်တာ ဘုရားသခင်ပဲ” လို့ ဖတ်ရတယ်။—၁ ရှမွေလ ၁၄:၁၅။
ဖိလိတိတပ်စခန်းတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်ပြီး ထိတ်လန့်နေတာ၊ အချင်းချင်း သတ်ဖြတ်နေကြတာကို ရှောလုနဲ့ အပေါင်းပါတွေ လှမ်းမြင်ကြတယ်။ (၁ ရှမွေလ ၁၄:၁၆၊ ၂၀) အစ္စရေးစစ်သည်တွေလည်း သတ္တိမွေးပြီး တိုက်ခိုက်ကြတယ်။ ကျဆုံးသွားတဲ့ ဖိလိတိတွေရဲ့ လက်နက်တွေကို ယူတိုက်ကြတာ ဖြစ်မယ်။ ယေဟောဝါလည်း အဲဒီနေ့မှာ မိမိလူမျိုးကို အကြီးအကျယ် အောင်ပွဲခံစေတယ်။ အဲဒီအချိန်တုန်းကလိုပဲ ယေဟောဝါ မပြောင်းလဲသေးပါဘူး။ ယောနသန်နဲ့ အမည်မသိ လက်နက်ကိုင်လို ကျွန်တော်တို့လည်း ဘုရားကို ယုံကြည်မယ်ဆိုရင် နောင်တရစရာအကြောင်း ရှိမှာ မဟုတ်ဘူး။—မာလခိ ၃:၆။ ရောမ ၁၀:၁၁။
“ဒီနေ့ သူ လုပ်ခဲ့တာတွေကို ဘုရားသခင် ကူညီပေးခဲ့တယ်”
ဒီအောင်ပွဲအပေါ် ရှောလုနဲ့ ယောနသန်ရဲ့ သဘောထားပုံ မတူကြဘူး။ ရှောလုဟာ အမှားကြီးတစ်ခု ကျူးလွန်ထားတယ်။ ယေဟောဝါရဲ့ ပရောဖက် ရှမွေလစကားကို မနာခံဘဲ လေဝိအမျိုးသား ပရောဖက်သာ ဆက်သရမယ့် ပူဇော်သက္ကာကို ဆက်သလိုက်တယ်။ အဲဒီလို မနာခံတဲ့အတွက် ရှောလုရဲ့ နန်းဆက် တည်မြဲမှာ မဟုတ်ဘူးလို့ ရှမွေလ ပြောတယ်။ စစ်သည်တွေ စစ်တိုက်ထွက်ခါနီးမှာလည်း ရှောလုက “ငါ့ရန်သူတွေကို လက်စားချေလို့ မပြီးခင်၊ ညဦးပိုင်း မရောက်ခင် အစာစားတဲ့သူ ကျိန်စာသင့်ပါစေ” ဆိုပြီး ကြံကြီးစည်ရာ ကျိန်ဆိုခိုင်းလိုက်သေးတယ်။—၁ ရှမွေလ ၁၃:၁၀-၁၄။ ၁၄:၂၄။
ရှောလုရဲ့ စကားဟာ စိတ်ထားပြောင်းလဲနေပြီဆိုတာကို ဖော်ပြတယ်။ စိတ်နှိမ့်ချသူ၊ ဘုရားမျက်နှာသာ ရခဲ့သူဟာ ရည်မှန်းချက်ကြီးတဲ့ တစ်ကိုယ်ကောင်းသမား ဖြစ်သွားပြီလား။ သတ္တိရှိရှိ၊ အားသွန်ခွန်စိုက် တိုက်ပွဲဝင်နေတဲ့ စစ်သည်တွေအပေါ် အဲဒီလို မလျော်ကန်တဲ့ တားမြစ်ချက် ထုတ်ဖို့ ယေဟောဝါ မညွှန်ကြားဖူးဘူး။ “ငါ့ရန်သူတွေကို လက်စားချေလို့ မပြီးခင်” ဆိုတဲ့ စကားကကော။ ဒီတိုက်ပွဲဟာ သူ့တိုက်ပွဲလို့ ရှောလု ဆိုလိုချင်တာလား။ သူ့ရဲ့ လက်စားချေလိုစိတ်၊ ဂုဏ်သတင်း၊ အောင်နိုင်ခြင်းက အဓိက မဟုတ်ဘဲ ယေဟောဝါရဲ့ တရားမျှတမှုကြောင့် ခုလို တိုက်ပွဲဝင်နေတယ်ဆိုတာ ရှောလု မေ့သွားပြီလား။
ယောနသန်ကတော့ ခမည်းတော်ရဲ့ အမြော်အမြင် ကင်းမဲ့တဲ့ ကျိန်ဆိုချက်အကြောင်း ဘာမှ မသိဘူး။ တိုက်ခိုက်လို့ မောပန်းလာချိန်မှာ တောင်ဝှေးကို ပျားအုံထဲ နှစ်ပြီး ယူစားကြည့်တော့ အားပြည့်လန်းဆန်းသွားတယ်။ အဲဒီအခါ စစ်သည်တစ်ယောက်က ဘုရင့်တားမြစ်ချက်ကို ပြောပြတယ်။ ဒါနဲ့ “ခမည်းတော်က လူတွေ အကြီးအကျယ် ဒုက္ခရောက်အောင် လုပ်လိုက်တာပဲ။ အခု ငါ ပျားရည် နည်းနည်း စားလိုက်ရတော့ အားပြည့်လန်းဆန်းလာတာ ကြည့်ပါလား။ တကယ်လို့ စစ်သည်တွေသာ ရန်သူတွေကို တိုက်ခိုက်ပြီး ရလာတာတွေကို စိတ်ကြိုက်စားလိုက်ရရင် ပိုအားပြည့်လာပြီး ဖိလိတိလူတွေကို ဒီထက် ပိုချေမှုန်းနိုင်မှာပဲ” လို့ ပြောတယ်။ (၁ ရှမွေလ ၁၄:၂၅-၃၀) ယောနသန် ပြောတာ မှန်တယ်။ ယောနသန်ဟာ ရှောလုရဲ့ သစ္စာရှိတဲ့သား မှန်ပေမဲ့ မျက်စိစုံမှိတ်ပြီး သစ္စာစောင့်သိသူ မဟုတ်ဘူး။ မစဉ်းစားမဆင်ခြင်ဘဲ ခမည်းတော် ဘာလုပ်လုပ်၊ ဘာပြောပြော ခေါင်းညိမ့်လက်ခံသူလည်း မဟုတ်ဘူး။ ဒီလိုမျှတတဲ့အမြင် ရှိလို့ လူအများရဲ့ လေးစားမှု ရထားတာ။
တားမြစ်ချက်ကို ယောနသန် ချိုးဖောက်မိကြောင်း သိလိုက်ရချိန်မှာတောင် သူ့ရဲ့ အမိန့် ဘယ်လောက် မိုက်ရူးရဲဆန်တယ်ဆိုတာ ရှောလု သဘောမပေါက်သေးဘူး။ သားအရင်း ဖြစ်နေရင်တောင် သေဒဏ် ပေးပစ်မယ်လို့ ပြောတယ်။ ယောနသန်ဟာ အကျိုးအကြောင်း ပြောပြတာ၊ အသနားခံတာ မလုပ်ခဲ့ဘူး။ ကိုယ်ကျိုးမငဲ့ဘဲ “သေဒဏ်ခံရမယ်ဆိုရင်လည်း အသင့်ပါပဲ” လို့ ပြန်ဖြေခဲ့တာ ဘယ်လောက် ထူးခြားသလဲ။ ဒါပေမဲ့ အစ္စရေးစစ်သည်တွေက “အစ္စရေးတွေကို အခုလို အကြီးအကျယ် အောင်ပွဲခံစေခဲ့တဲ့ ယောနသန် သေရမှာလား။ ဒါ လုံးဝ မဖြစ်သင့်ပါဘူး။ ဒီနေ့ သူ လုပ်ခဲ့တာတွေကို ဘုရားသခင် ကူညီပေးခဲ့တယ်။ ဒါကြောင့် အသက်ရှင်နေတဲ့ဘုရား ယေဟောဝါကို တိုင်တည်ပြီး ကျွန်တော်တို့ ပြောမယ်။ သူ့ဆံခြည်တစ်မျှင်မှ မြေပေါ် မကျစေရဘူး” ဆိုပြီး ရှောလုကို ပြောကြတယ်။ ဒါနဲ့ ရှောလု အလျှော့ပေးလိုက်ရတယ်။ “လူတွေ ကယ်လိုက်လို့ ယောနသန် သေဘေးကနေ လွတ်သွားတယ်” လို့ မှတ်တမ်းတင်ထားတယ်။—၁ ရှမွေလ ၁၄:၄၃-၄၅။
သတ္တိရှိခြင်း၊ ဝီရိယရှိခြင်း၊ ကိုယ်ကျိုးမငဲ့တဲ့စိတ်ဓာတ်တို့ကြောင့် ယောနသန် နာမည်ကောင်း ရခဲ့တယ်။ နာမည်ကောင်း ရှိလို့ အန္တရာယ်ရောက်နေချိန်မှာ အသက် ချမ်းသာရာရခဲ့တယ်။ ကျွန်တော်တို့ကော တစ်နေ့ တစ်နေ့ ဘယ်လိုနာမည်မျိုး ရနေသလဲဆိုတာ ဆင်ခြင်သင့်တယ်။ နာမည်ကောင်းဟာ သိပ်တန်ဖိုးရှိတယ်လို့ ကျမ်းစာမှာ ဆိုထားတယ်။ (ဒေသနာ ၇:၁) ယောနသန်လိုပဲ ကျွန်တော်တို့လည်း ယေဟောဝါရှေ့ နာမည်ကောင်း ရှိဖို့ ဂရုစိုက်မယ်ဆိုရင် အလွန် အဖိုးထိုက်ပါလိမ့်မယ်။
မိုက်တွင်းနက်လာ
ရှောလု အမှားတွေ လုပ်မိပေမဲ့ ယောနသန်ဟာ ခမည်းတော်ဘက်ကနေ သစ္စာရှိရှိ နှစ်ပေါင်းများစွာ တိုက်ခိုက်ပေးခဲ့တယ်။ ခမည်းတော်ကတော့ နာခံမှု မရှိ မာနထောင်လာလို့ ယောနသန် ဘယ်လောက် စိတ်ဆင်းရဲလိုက်မလဲ မြင်ယောင်ကြည့်နိုင်တယ်။ မိုက်တွင်းနက်လာတဲ့ ခမည်းတော်ကို တားဆီးနိုင်စွမ်း မရှိ ဖြစ်နေတယ်။
အာမလက်လူမျိုးကို တိုက်ခိုက်ဖို့ ရှောလုကို ယေဟောဝါ တာဝန်ပေးတဲ့အချိန်မှာ ပြဿနာ ပေါ်လာတော့တယ်။ ကမ်းကုန်အောင် ဆိုးလွန်းလို့ အဲဒီအာမလက်တွေကို ဖျက်ဆီးပစ်မယ့်အကြောင်း မောရှေခေတ်မှာ ယေဟောဝါ ကြိုပြောခဲ့ဖူးတယ်။ (ထွက်မြောက်ရာ ၁၇:၁၄) တိရစ္ဆာန်တွေပါမကျန် အကုန်ဖျက်ဆီးပြီး အာမလက်ဘုရင် အာဂတ်ကို သတ်ပစ်ဖို့ ရှောလုကို ပြောတယ်။ ရှောလု အနိုင်ရတဲ့ အဲဒီတိုက်ပွဲမှာ ယောနသန်ဟာ ခါတိုင်းလိုပဲ ခမည်းတော်အမိန့်နဲ့ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့တာ သေချာတယ်။ ရှောလုကတော့ ယေဟောဝါ ပြောတဲ့အတိုင်း မလုပ်ဘူး။ အာဂတ်ကို အသက်ချမ်းသာပေးပြီး တိရစ္ဆာန်တွေ၊ ပစ္စည်းကောင်းလေးတွေကို ချန်ထားတယ်။ ဒါကြောင့် “မင်းက ယေဟောဝါဘုရားရဲ့ စကားကို ပစ်ပယ်တဲ့အတွက် ကိုယ်တော်ကလည်း မင်းကို ဘုရင်အဖြစ်ကနေ ပယ်လိုက်ပြီ” ဆိုတဲ့ ယေဟောဝါရဲ့ နောက်ဆုံး စီရင်ချက်ကို ပရောဖက် ရှမွေလ ပြောပြတယ်။—၁ ရှမွေလ ၁၅:၂၊ ၃၊ ၉၊ ၁၀၊ ၂၃။
မကြာခင်မှာပဲ ရှောလုဆီကနေ ယေဟောဝါရဲ့ စွမ်းအားတော်ကို ရုပ်သိမ်းလိုက်တယ်။ ယေဟောဝါရဲ့ မေတ္တာရိပ်အောက် မရှိတော့တဲ့အတွက် ရှောလုဟာ ဒေါသ ကြီးလိုက်၊ ကြောက်စိတ် ဝင်လိုက်နဲ့ ကယောင်ချောက်ချား ဖြစ်လာတယ်။ သူ့ရဲ့ မကောင်းတဲ့စိတ် ပြန်နှောင့်ယှက်တာကို ဘုရား ခွင့်ပြုလိုက်တယ်။ (၁ ရှမွေလ ၁၆:၁၄။ ၁၈:၁၀-၁၂) ခမည်းတော်မင်းကြီး ဆိုးဆိုးရွားရွား ပြောင်းလဲသွားတာ မြင်ရလို့ ယောနသန် တော်တော် စိတ်ဆင်းရဲမှာပဲ။ ဒါပေမဲ့ ယေဟောဝါအပေါ် ဆက်သစ္စာရှိခဲ့တယ်။ ရှောလုကို ပွင့်ပွင့်လင်းလင်း ပြောစရာ ရှိတာ ပြောပြီး အတတ်နိုင်ဆုံး ကူညီပေးတယ်။ မပြောင်းလဲတတ်တဲ့ ဖခင်၊ ယေဟောဝါဘုရားကိုပဲ အာရုံစိုက်တယ်။—၁ ရှမွေလ ၁၉:၄၊ ၅။
ကိုယ်ချစ်ခင်ရသူ ဒါမှမဟုတ် ကိုယ့်မိသားစုဝင်တစ်ယောက် ဆိုးသည်ထက် ဆိုးလာတာကို ကြုံဖူးပါသလား။ နာကျင်ခံစားရတယ် မဟုတ်လား။ “မိရင်းဖရင်းက ကျွန်တော့်ကို စွန့်ပစ်ခဲ့ရင်တောင် ယေဟောဝါ လက်ခံထားမှာပါ” ဆိုတဲ့ ဆာလံဆရာရဲ့ နောက်ပိုင်းရေးသားချက်က ယောနသန်ရဲ့ အဖြစ်ကို ပြန်သတိရစေတယ်။ (ဆာလံ ၂၇:၁၀) ယေဟောဝါဘုရားက သစ္စာရှိတယ်။ မစုံလင်တဲ့လူတွေကြောင့် ဘယ်လောက်ပဲ စိတ်ဆင်းရဲရပါစေ အကောင်းဆုံးဖခင် ဖြစ်တဲ့ ဘုရားက သင့်ကိုလည်း လက်ခံထားမှာပါ။
ရှောလုဆီက ဘုရင့်အရိုက်အရာကို ယေဟောဝါ ရုပ်သိမ်းမယ်ဆိုတာ ယောနသန် သိနေပုံပဲ။ ဒါကို ယောနသန် ဘယ်လို တုံ့ပြန်သလဲ။ သူသာ ထီးနန်း ဆက်ခံရရင် ဘယ်လိုဘုရင်မျိုး ဖြစ်နေမလဲဆိုပြီး စဉ်းစားဖူးသလား။ ခမည်းတော်လို အမှားမျိုး မကျူးလွန်ဘဲ သစ္စာရှိ၊ နာခံမှု ရှိတဲ့ ဘုရင်အဖြစ် စံနမူနာကောင်း ပြရမယ်လို့ မျှော်လင့်ချက် ထားခဲ့သလား။ သူ့အတွေးတွေကို ကျွန်တော်တို့ မသိနိုင်ပေမဲ့ အဲဒီမျှော်လင့်ချက်တွေအတိုင်း ဖြစ်မလာတာကိုတော့ သိရတယ်။ ဒါက သစ္စာရှိသူ ယောနသန်ကို ယေဟောဝါ စွန့်ပစ်လိုက်ပြီဆိုတဲ့ သဘောလား။ မဟုတ်ပါဘူး။ ကျမ်းစာတစ်အုပ်လုံးမှာ မိတ်ဆွေနှောင်ကြိုး အခိုင်မြဲဆုံး စံနမူနာရှင်တစ်ဦးအဖြစ် ဖော်ပြပေးတယ်။ ယောနသန်နဲ့ပတ်သက်တဲ့ နောက်ဆောင်းပါးမှာ အဲဒီမိတ်ဆွေနှောင်ကြိုးအကြောင်း ဆွေးနွေးပါမယ်။