မိသားစုအတွက် အကူအညီ | သားသမီး ပြုစုပျိုးထောင်ခြင်း
သားသမီးနဲ့ စမတ်ဖုန်း—အပိုင်း ၁။ သားသမီးကို စမတ်ဖုန်း ပေးသုံးသင့်သလား
ကလေး အတော်များများ စမတ်ဖုန်း a ကိုင်လာကြပါပြီ။ အများစုက ကိုယ်ပိုင်အချိန်တွေမှာ အင်တာနက် သုံးကြတယ်။ သားသမီးတွေကို စမတ်ဖုန်း ပေးကိုင်မယ်ဆိုရင် ဘာဆိုးကျိုးတွေ ဖြစ်လာနိုင်သလဲ။ အကျိုးကျေးဇူးတွေကကော ဘာတွေလဲ။ တစ်နေ့ကို စမတ်ဖုန်း အချိန်ဘယ်လောက်ကြာကြာ သုံးခွင့်ပေးမလဲ။
သိသင့်သိအပ်ရာ
အကျိုးကျေးဇူး
သားသမီး လုံခြုံရေးအတွက် မိဘတွေ စိတ်အေးရတယ်။ “အန္တရာယ်များတဲ့ လောကကြီးမှာ နေထိုင်ရတာ။ တစ်ခုခုဖြစ်ရင် မိဘကို ဆက်သွယ်နိုင်ဖို့ ဖုန်းက မရှိမဖြစ် လိုတယ်” ဆိုပြီး ဆယ်ကျော်သက်ကလေးနှစ်ယောက်ရဲ့ မိခင် ဘက်သနီ ပြောတယ်။
ကက်သရင်းလို့ ခေါ်တဲ့ မိခင် ဒီလိုပြောတယ်- “apps တချို့ သုံးပြီး ကိုယ့်ကလေး ဘယ်ရောက်နေလဲဆိုတာ စစ်ကြည့်နိုင်တယ်။ ကားမောင်းနေရင် အမြန်နှုန်း ဘယ်လောက်နဲ့ သူ မောင်းနေလဲဆိုတာကိုတောင် သိနိုင်တယ်။”
ကျောင်းစာအတွက် အထောက်အကူ ဖြစ်တယ်။ “ကလေးတွေက အီးမေးလ် ဒါမှမဟုတ် ဖုန်းမက်ဆေ့ချ်ကတစ်ဆင့် အိမ်စာတွေ ရတတ်တယ်။ ဆရာတွေကိုလည်း ဖုန်းနဲ့ပဲ ဆက်သွယ်ရတာ” ဆိုပြီး မေရီလို့ခေါ်တဲ့မိခင် ပြောတယ်။
အန္တရာယ်
စခရင်အသုံးပြုချိန် များလွန်းတာ။ လူငယ်တွေက တစ်နေ့ကို နာရီပေါင်းများစွာ ဖုန်းကို သုံးလေ့ရှိကြတယ်။ မိဘတွေရဲ့ ဖုန်းသုံးချိန်ကလည်း သားသမီးတွေနဲ့ စကားပြောချိန်နဲ့ ညီမျှနေပါတယ်။ ပညာရှင်တစ်ယောက်အဆိုအရ အိမ်တွေဟာ “သူစိမ်းတွေ အတူစုပြီး လက်ထဲက စက်ပစ္စည်းကို မျက်နှာနဲ့ မခွာတမ်းကြည့်ကြတဲ့နေရာနဲ့ တူနေပြီ။” b
ညစ်ညမ်းရုပ်ပုံ။ ခန့်မှန်းချက်တစ်ခုအရ ဆယ်ကျော်သက် တစ်ဝက်ကျော်ဟာ လတိုင်းလိုလို ညစ်ညမ်းရုပ်ပုံ၊ ဗီဒီယိုတွေ ကြည့်နေကြတယ်။ အံ့ဩစရာတော့ မဟုတ်ပါဘူး။ စမတ်ဖုန်းကနေ လွယ်လွယ်ကူကူ ကြည့်နိုင်တာကိုး။ ဆယ်ကျော်သက် သားသမီး နှစ်ယောက်ရှိတဲ့ ဖခင် ဝီလျံ အခုလို ပြောတယ်- “ကလေးကို စမတ်ဖုန်း ပေးကိုင်တာက သွားလေရာ ပါသွားတဲ့ ညစ်ညမ်းရုပ်ပုံဆိုင်တစ်ဆိုင် ဖွင့်ပေးလိုက်သလို ဖြစ်သွားနိုင်တယ်။”
ဖုန်းစွဲလမ်းခြင်း။ လူအတော်များများက ဖုန်းမသုံးရ မနေနိုင် ဖြစ်နေကြတယ်။ ဖုန်းကို မတွေ့ရင် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်ပြီး နေလို့တောင် မကောင်းဘူးလို့ တချို့က ပြောတယ်။ ဖုန်းသုံးတဲ့အခါ ကလေးတွေ ရိုင်းစိုင်းလာတာကို မိဘတချို့ သတိထားမိတယ်။ “သားက ဖုန်းသုံးနေတဲ့အချိန် စကားသွားပြောရင် အနှောင့်အယှက် ပေးရကောင်းလားဆိုတဲ့ပုံစံမျိုးနဲ့ မျက်ထောင့်နီနဲ့ ကြည့်တတ်တယ်၊ မချေမငံ ပြောတတ်တယ်” လို့ ခါမင် ပြောတယ်။
နောက်ထပ် အန္တရာယ်များ။ လူမှုကွန်ရက်ကနေ အနိုင်ကျင့်တာ၊ ဖုန်းနဲ့ မဖွယ်မရာပုံတွေ၊ စာတွေ ပို့တာ၊ ကိုယ်နေဟန်ထား မမှန်လို့၊ အိပ်ရေးပျက်လို့ ကျန်းမာရေး ထိခိုက်တာ ကြုံရနိုင်တယ်။ ဂဏန်းပေါင်းစက်လိုမျိုး အန္တရာယ် မရှိပုံပေါက်ပေမဲ့ မိဘ မတွေ့စေချင်တာတွေကို ဝှက်ထားလို့ရတဲ့ ghost app ကို လူငယ်တချို့ သုံးကြတယ်။
ဆယ်ကျော်သက် သမီးရှိတဲ့ ဖခင် ဒံနီယယ်က ဒီလို ပြောတယ်- “စမတ်ဖုန်းတစ်လုံးနဲ့ အင်တာနက်ပေါ် တင်ထားသမျှကို ဝင်ကြည့်နိုင်တယ်။ ကောင်းတာတွေရော၊ မကောင်းတာတွေရောပေါ့။”
မေးသင့်တဲ့မေးခွန်း
‘ငါ့ကလေး တကယ်ပဲ စမတ်ဖုန်း လိုသလား။’
“အမြော်အမြင်ရှိသူကတော့ ခြေလှမ်းတိုင်းကို စဉ်းစားဆင်ခြင်တတ်တယ်” လို့ ကျမ်းစာ ဆိုတယ်။ (ပညာအလိမ္မာ ၁၄:၁၅) ဒါကို မှတ်သားပြီး ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ”
‘လုံခြုံရေးနဲ့ တခြားအကြောင်းရင်းကြောင့် သားသမီးကို ဖုန်းဝယ်ပေးတာက ပညာရှိရာ ကျမလား။ ကောင်းကျိုးရော ဆိုးကျိုးကိုပါ အသေအချာ ချင့်ချိန်စဉ်းစားပြီးပြီလား။ စမတ်ဖုန်းအစား တခြား ရွေးချယ်စရာ ရှိသလား။’
ထော့ဒ်လို့ ခေါ်တဲ့ ဖခင်တစ်ဦးက “ခလုတ်ဖုန်းတွေ ရှိနေတုန်းပါပဲ။ ကလေးတွေနဲ့ စာပို့၊ ဖုန်းဆက်နိုင်တယ်။ စျေးလည်း အများကြီး သက်သာတယ်။”
‘ငါ့ကလေးက တာဝန်ယူနိုင်ပြီလား။’
“ဉာဏ်ပညာရှိသူရဲ့ စိတ်နှလုံးက သူ့ကို လမ်းမှန်ပေါ် ပို့ဆောင်ပေးတယ်” လို့ ကျမ်းစာက ပြောတယ်။ (ဒေသနာ ၁၀:၂) ဒါကို မှတ်သားပြီး ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ-
‘ကလေးကို ယုံကြည်စိတ်ချနိုင်တယ်လို့ ဘာကြောင့် ပြောနိုင်သလဲ။ ပွင့်ပွင့်လင်းလင်း ပြောပြလေ့ရှိသလား။ ဘယ်သူတွေနဲ့ ပေါင်းနေလဲဆိုတာ ဖုံးထားတတ်သလား။ တီဗီ၊ တက်ဘလက်၊ ကွန်ပျူတာ စတာတွေကိုကော ချင့်ချိန်မှုရှိရှိ သုံးတတ်ရဲ့လား။’ ဆရီနာဆိုတဲ့ မိခင်က “စမတ်ဖုန်းတွေဟာ အသုံးဝင်သလောက် သိပ်အစွမ်းထက်တယ်။ ကလေးကို အရွယ်နဲ့မလိုက်တဲ့ တာဝန်ကြီးတစ်ခု ပေးသလို ဖြစ်သွားမလားဆိုတာ စဉ်းစားပါ” လို့ပြောတယ်။
‘ငါကိုယ်တိုင် တာဝန်ယူဖို့ အသင့်ဖြစ်ပြီလား’
“ကလေးကို သူသွားသင့်တဲ့လမ်းအတိုင်း လေ့ကျင့်ပေးပါ” လို့ ကျမ်းစာ ပြောတယ်။ (ပညာအလိမ္မာ ၂၂:၆) ဒါကို မှတ်သားပြီး ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ-
“ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်အကြောင်း ကလေးကို သင်ပေးနိုင်လောက်အောင် ဖုန်းအကြောင်း ငါ နားလည်သလား။ မသင့်တော်တဲ့ ဝက်ဘ်ဆိုက်တွေကို ကလေး ဝင်မကြည့်မိစေဖို့ ထိန်းချုပ်နိုင်တဲ့ နည်းလမ်းတွေကို ငါ သိသလား။ ချင့်ချိန်မှုရှိရှိ ဖုန်းသုံးတတ်အောင် ငါ ဘယ်လို ကူညီပေးနိုင်မလဲ။” စောစောက ဖော်ပြခဲ့တဲ့ ဒံနီယယ်က “မိဘအတော်များများ ကလေးကို စမတ်ဖုန်း ပေးပြီး လှည့်မကြည့်တော့တာ ဝမ်းနည်းစရာပါပဲ” လို့ပြောတယ်။
အဓိကအချက်။ တာဝန်ယူနိုင်စွမ်းရှိရှိ စမတ်ဖုန်း သုံးတတ်အောင် ကလေးတွေကို လေ့ကျင့်ပေးရမယ်။ Indistractable ဆိုတဲ့ စာအုပ်မှာ ဒီလို ရေးထားတယ်- “ဖုန်းလို စက်ပစ္စည်းတွေကို အလွန်အကျွံ မသုံးမိအောင် ထိန်းချုပ်ဖို့ဆိုတာ ကလေးတွေအတွက် မဖြစ်နိုင်သလောက်ပဲ။ အထူးသဖြင့် မိဘ အထိန်းအကွပ်မရှိ လွှတ်ထားတဲ့အခါမျိုးမှာပေါ့။”